စစ်ကောင်စီ လက်နက်ကြီး
ကချင်ပြည်နယ်အတွင်း မတ်လ (၁၁) ရက်နေ့မှစတင်ကာ တိုက်ပွဲများပြန်လည် ပြင်းထန်လာပြီး လက်နက်ကိုင်ပဋိပက္ခနှင့်ဆက်စပ်ပြီး ကလေးသူငယ် (၃) ဦးအပါအဝင် ပြည်သူ (၂၄) ဦး သေဆုံးခဲ့သည်။

The 74 Media က စုဆောင်းထားသည့် အချက်အလက်များအရ မတ်လ (၁၁) ရက်မှစတင်ကာ ဩဂုတ်လ (၃၁) ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ (၁၂) ဦး၊ မြေမြုပ်မိုင်းနင်းမိသဖြင့် သေဆုံးသူ (၃) ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ စုစုပေါင်း (၄) ဦးနှင့် အဓမ္မပြုကျင့်သတ်ဖြတ်ခံရသူ (၁) ဦးရှိသည်။
ဧပြီလနှင့် မေလအတွင်းတိုက်ပွဲပြင်းထန်ခဲ့သည့် မိုးမောက်မြို့နယ်အတွင်း သေဆုံးသူ (၁၀) ဦးရှိပြီး ကလေးသူငယ် (၁) ဦးပါဝင်သည်။ အဆိုပါသေဆုံးမှုများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အသက် (၅၁) အရွယ် အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်။
ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ဝိုင်းမော်မြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း (ခ.လ.ရ) (၅၈) အနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီက ပစ်ခတ်ခဲ့သည့် ၆၀မမ ဗုံးသီးကျရောက်ပေါက်ကွဲသဖြင့် ကုမ္ပဏီလုပ်သားတစ်ဦး သေဆုံးခဲ့ကာ အဆိုပါတပ်ရင်းရှေ့ စစ်ကောင်စီတပ်ဖွဲ့များ အကြောင်းမဲ့ပစ်ခတ်သဖြင့် အသက် (၃၃) အရွယ် အမျိုးသမီး သေနတ်ကျည်ဆံထိမှန်သေဆုံးခဲ့သည်။
စစ်ကောင်စီ၏ တိုက်လေယာဉ်ဗုံးကြဲမှုများကြောင့် သေဆုံးသူ (၁) ဦးရှိပြီး တနိုင်းမြို့နယ်အတွင်း ဇွန်လက သေဆုံးခဲ့ခြင်းဖြစ်သည်။
ကလေးသူငယ် (၃) ဦးသေဆုံးမှုတွင် မြေမြုပ်မိုင်းကြောင့် သေဆုံးသူ (၂) ဦးနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ (၁) ဦးပါဝင်သည်။
ကချင်ပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းမှုမပြုလုပ်ရန် ကချင်လွတ်မြောက်ရေးအဖွဲ့က ဖေဖော်ဝါရီလနှောင်းပိုင်းတွင် သတိပေးခဲ့သော်လည်း မတ်လ (၈) ရက်နေ့တွင် ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ၃ ရက်အကြာ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ပြန်လည် ပြင်းထန်လာခဲ့သည်။
ကချင်ပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် ပြည်သူစုစုပေါင်း (၁၄) ဦးသေဆုံးခဲ့ပြီး အများအပြားဖမ်းဆီးခံခဲ့ရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်မြို့နယ်၊ ရွှေကူမြို့နယ်၊ မိုးမောက်မြို့နယ်၊ မံစီမြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ တနိုင်းမြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ် များတွင်သာမက ယခင်လက်နက်ကိုင်ဖြစ်ပွားမှု မရှိခဲ့သည့် ပူတာအိုမြို့နယ်တွင်လည်း တိုက်ပွဲများပြန်လည်ပြင်းထန်ခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ