အင်ဂျန်းယန်မြို့နယ်အတွင်း ကြွက်များသောင်းကျန်းနေသဖြင့် စပါးအထွက်နှုန်းလျော့ကျမည်ကို စိုးရိမ်ရ
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်မှ ကျေးရွာအချို့၌ တောင်ယာစပါးခင်များတွင် ကြွက်များသောင်းကျန်းနေသဖြင့် ဒေသခံများက စပါးအထွက်နှုန်းလျော့ကျမည်ကို စိုးရိမ်နေကြောင်း သိရသည်။

အင်ဂျန်းယန်မြို့နယ်ရှိ ပုန်ဆွေယာန်ကျေးရွာ၊ ဆွတ်ငိုင်ယာန်ကျေးရွာ၊ ဘွမ်စဲဇွပ်၊ ဆွတ်လျဲန်ကျေးရွာ၊ ဘွမ်ရာယာန်ကျေးရွာနှင့် ဂျားထူယာန်ကျေးရွာများရှိ စပါးခင်းများတွင် လွန်ခဲ့သောအပါတ်မှ စတင်ကာ စပါးခင်းများကို ကြွက်များလိုက်လံစားသုံးနေပြီး ယခုနှစ်တွင် အချိန်မှီတားဆီးနိုင်မှုမရှိပါက လာမည့်နှစ်တွင် ဆန်၊ စပါး အခက်အခဲဖြစ်လာနိုင်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
အင်ဂျန်းယန်မြို့နယ်အတွင်း ကြွက်များသောင်းကျန်းနေသဖြင့် စပါးအထွက်နှုန်းလျော့ကျမည်ကို စိုးရိမ်ရ
“၂၀၂၀ တုန်းကလည်း တစ်ခါဖြစ်ဖူးတယ်။ မနှစ်နဲ့ ဒီနှစ်ဖြစ်တဲ့ပုံစံကတူနေတယ်။ တောင်ယာလို့ပုံစံဆိုတော့လေ ကြွက်တွေက တစ်နေရာတည်းစားတာမဟုတ်ဘဲ နေရာကွက်ကြား ကိုက်ထားတာ။ မနှစ်ကလည်း စပါးကောင်းကောင်း မထွက်တော့ ရောင်းဖို့အထိ မရှိဘဲ စားဖို့လောက်ပဲ ဖြစ်သွားတာပေါ့။ ဒီနှစ်မှာလည်း စပါးထွက် မကောင်းလို့ကတော့ အင်ဂျန်းယန်မြို့က ပြည်သူတွေအနေနဲ့ စားဖို့စပါးခက်ခဲသွားနိုင်တယ်။” ဟုသူကပြောသည်။
တောင်ယာစပါးခင်းများတွင် ကြွက်ထောင်ခြောက်ဆင်ထားခြင်း၊ သစ်ကိုင်းခြောက်များထားရှိခြင်းနှင့် တောင်ယာတွင် သွားရောက်စောင့်အိပ်ခြင်းအပြင် ကြွက်သတ်ဆေးအတွက် တာဝန်ရှိသူများကို အကြောင်းကြားထားကြောင်း သူကဆက်ပြောသည်။
တောင်ယာစပါးခင်းများကို ကြွက်များသောင်းကျန်းဖျက်ဆီးနေသည်မှာ နှစ်နှစ်ဆက်တိုက် ဖြစ်လာသောကြောင့် တောင်သူများအနေနှင့် အလွန်စိုးရိမ်နေကြောင်းသိရသည်။
အင်ဂျန်းယန်မြို့နယ်သည် လူဦးရေ (၁၇၃၂) ဦးခန့်ရှိပြီး ကချင်လူမျိုးအများစုနေထိုင်သည့် မြို့နယ်တစ်ခုဖြစ်ကာ ဒေသခံပြည်သူအများစုသည် တောင်ယာအလုပ်ကို အဓိကလုပ်ကိုင်ကြသည်။
သင့်ထင်မြင်ချက်ရေးပေးပါ