ဝိုင်းမော်မြို့ လော်ဝေါ် နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဝင်းရှိ စစ်ဘေးရှောင်ပြည်သူများ နေရာထိုင်ခင်း အခက်အခဲဖြစ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့ ခ.လ.ရ ၅၈ တပ်အနီးရှိ မဒိန်၊ ခါ့ကွမ်နှင့် လဘန်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်နေသူများ နေရာထိုင်ခင်းအတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။

ဝိုင်းမော်မြို့ လော်ဝေါ် နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဝင်းရှိ စစ်ဘေးရှောင်ပြည်သူများ နေရာထိုင်ခင်း အခက်အခဲဖြစ်နေ

 

ခ.လ.ရ (၅၈) တွင်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ် လော်ဝေါ် နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဝင်းအတွင်းရှိ စစ်ရှောင်စခန်းသို့ ထွက်ပြေးတိမ်ရှောင်နေကြပြီး နေရာထိုင်ခင်းအတွက် အခက်အခဲဖြစ်နေသည်ဟု စခန်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“ကျွန်တော်တို့မှာ အခက်အခဲဆိုရင် နေစရာပေါ့ သုံးစရာနဲ့ စားစရာက အဆင်ပြေသလိုစားလို့ရတယ်။ အရင်ကတည်းကရှိတဲ့ စစ်ရှောင်က အိမ်ထောင်စု ၃၀ ကျော် သူတို့ဘာသာနေတယ်(နေအိမ်အဆောင်) အခုရောက်လာတဲ့သူတွေကို အဆောင်မလုပ်ပေးနိုင်သေးဘူး။ အခုကဘုရားကျောင်း ရုံးအပေါ်ထပ် ရှိတဲ့နေရာမှာပဲ အိပ်ခိုင်းတာပေါ့” ဟုသူကပြောသည်။
ယခုတိမ်းရှောင်လာသူများသည် ထမင်းဟင်း ချက်ပြုတ်စားသောက်ရန်အတွက် နေရာနှင့် ထင်း၊ မီးသွေးများ ခက်ခဲမှုရှိကြောင်း သူကဆက်ပြောသည်။
“ရှိတဲ့ မိသားစု အားလုံး ဒီမှာ ထမင်းချက်စားဖို့ အဆင်မပြေလို့ တချို့ဆိုရင် နေ့လယ် သူတို့အိမ်ပြန်ပြီး သွားချက်စားကြတာ။ တချို့က ဒီမှာ ချက်စားကြတယ်လေနော် လိုတာကတော့ ချက်စားဖို့ ထင်းက အစလိုအပ်နေတာ။ ဒီမှာလည်း ကျွန်တော်တို့ ရုံးအဖွဲ့တွေရဲ့ ထင်းပဲရှိတာလေ။ ခုက ကုန်သွားပြီ” ဟုသူကပြောသည်။
ကိုဗစ်တတိယလှိုင်းကြောင့် စခန်းအတွင်း ဝင်၊ ထွက်သွားလာခွင့်ကို တစ်ပတ်လျင် တစ်ရက်ထွက်ရန် စည်းကမ်းချမှတ်ထားသော်လည်း ထပ်မံတိမ်းရှောင်လာသူများအတွက် အခက်အခဲများရှိသောကြောင့် ကန့်သတ်ချက်များထားရန် အခက်အခဲများရှိနေကြောင်း သိရသည်။
ခလရ ၅၈ တပ်၏ ပစ်ခတ်မှုကြောင့် ဝိုင်းမော်မြို့နယ် လော်ဝေါ်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းသို့ ထွက်ပြေးတိမ်းရှောင်လာသူများသည် အိမ်ထောင်စု ၁၆ စု၊ လူဦးရေ စုစုပေါင်း ၇၉ ဦးရှိသည်။
သင့်ထင်မြင်ချက်ရေးပေးပါ