ဒေ့ါဖုန်းယန်မြို့တွင် စစ်ကောင်စီရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် လူနေအိမ်အချို့ပျက်စီး
ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်တွင် ယမန်နေ့ ဩဂုတ်လ ၂ ရက်နေ့ ည ၉ နာရီခွဲခန့်၌ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲချိန် လက်နက်ကြီးစထိမှန်၍ ကျွဲများသေဆုံးပြီး လူနေအိမ်အချို့ ပျက်စီးသွားကြောင်း သိရသည်။

ဒေ့ါဖုန်းယန်မြို့တွင် စစ်ကောင်စီရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် လူနေအိမ်အချို့ပျက်စီး

 

ကဂမ်ရပ်ကွက်တွင် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် လက်နက်ကြီးစထိမှန်ခဲ့သည့် ကျွဲလေးကောင် သေဆုံးပြီး နေအိမ်ခေါင်မိုးနှင့် မီးဖိုချောင်ခေါင်မိုးများ ပျက်စီးသွားသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အိမ်နှစ်အိမ်ထိတယ် တစ်အိမ်က မီးဖိုချောင်ထိတာများတယ်။ တစ်အိမ်က မီးဖိုချောင်နဲ့ ကျွဲခြံကြားမှာ သွားကျတာ။ ကျွဲခြံမှာ ချည်ထားတဲ့ ကျွဲ ၇ ကောင်ထိတယ် ၄ ကောင်ကသေပြီတဲ့။ ကျွဲထိတဲ့ အိမ်ကတော့မီးဖိုချောင်ရော လူနေအိမ်ရောထိတယ်” ဟုသူကပြောသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲချိန် အသက် ၆၃ နှစ်အရွယ် အမျိုးသမီး ကိုင်ထားသော ရေနွေးခရားတွင် လက်နက်ကြီးစထိမှန်ပြီး အမျိုးသမီးမှာ နားထိုင်းသွားကြောင်း သူကဆက်ပြောသည်။
ယမန်နေ့ညက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုသည် ဒေါ့ဖုန်းယန်မြို့နယ်မှ ခ.လ.ရ (၁၄၂) တပ်နှင့် ဇူလိုင်လဆန်းပိုင်းမှစ၍ ဒေါ့ဖုန်းယန်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ဆေးရုံများတွင် တပ်စွဲထားသည့် တပ်မ ၈၈ က ရမ်းသမ်းပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံကသိရသည်။
ဒေါ့ဖုန်းယန်မြို့နယ်တွင် လွန်ခဲ့သော ဇူလိုင်လ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရှိပြီး နွားလေးကောင် သေဆုံးခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ