တန့်ဆည်
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းမှ ထွက်ခွာလာသော စစ်ကောင်စီတပ်၏ ယာဉ်တန်း ယနေ့နံနက် ၄ နာရီခန့်က ဝရငယ်ကျေးရွာအနီးတွင် မိုင်းခွဲခံရကြောင်းသိရသည်။

ကံထူးမရဲစခန်းမှ တန့်ဆည်သို့ ထွက်ခွာလာသည် စစ်ကောင်စီကား လေးစီးပါ ယာဉ်တန်းသည် ဝရငယ် ရွာသစ်အနီးရောက်ရှိချိန် PDF တို့က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“လေးစီးသွားနေတာ မိုင်းခွဲခံရတယ်။ ပေါက်ကွဲတော့ ကားတစ်စီးထိပြီး မီးလောင်ပျက်စီးသွားတယ်။ ပေါက်ကွဲသံကို အဝေးကြီးကနေကို ကြားရတယ်တဲ့” ဟု သူကပြောသည်။
မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းတစ်လျောက်တွင် လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်သွားကြောင်း သူကဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တန့်ဆည်မြို့အနီးရှိ ကျေးရွာများတွင် တပ်ဆွဲကာ ဒေသခံပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုများ ဖမ်းဆီးမှုများရှိနေသောကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြသည်။
သင့်ထင်မြင်ချက်ရေးပေးပါ