မန္တလေးတွင် ကျပ်ငွေ ငါးဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် စက်တင်ဘာလ ၁ရက်နေ့က ကျပ် ငါးဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းမိရရှိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများကို ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက်၊ (၆၁)လမ်း၊ ၁၃၀ လမ်းနှင့် ၁၃၁ လမ်းကြား၊ အမှတ် (၇၀/၇၁)ရှိ ဒေါ်စိန်ဌေး၏ နေအိမ်နှင့်တွဲလျက်ရှိသော ဂိုဒေါင်အတွင်းမှ မီးသွေးအိတ်များဖြင့် ဖုံးအုပ်ထားသော ဆာလာအိတ် ၁၆အိတ်မှ တန်ဖိုးငွေကျပ် ၅.၉၂၅ ဘီလီယံတန် စိတ်ကြွရူးသွပ်ဆေးပြား ၃၉၅၀၀၀၀ လုံးနှင့်အတူ ဆေးတင်ဆောင်ထားသည့် FUSO အမျိုးအစား (၁၀)ဘီးမော်တော်ယာဉ် တစ်စီး၊ TOYOTA DYNA မော်တော်ယာဉ် တစ်စီးနှင့် TOYOTA TOWN ACE မော်တော်ယာဉ် တစ်စီးတို့ကိုဖမ်းဆီးရရှိခဲ့သည်။
ဖမ်းဆီးခံရသည့် အသက် ၆၀နှစ်အရွယ် ဒေါ်စိန်ဌေးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပေဒေနှင့် အရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူများအား ဆက်လက်စစ်ဆေးနေကြောင်းသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ