Breaking News 47 Media
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ရပ်ကွက်တစ်ချို့ကို ယနေ့ စက်တင်ဘာလ ၂ ရက်၊ ည ၁၁ နာရီခန့်မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့များ ဧည့်စာရင်းစစ်ဆေးမှု ပြုလုပ်နေကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကား ၅ စီးခန့်ဖြင့် အင်အားခွဲ၍ စစ်ဆေးနေခြင်းဖြစ်ကြောင်း ဧည့်စာရင်း စစ်ခံရသည့်ရပ်ကွက်မှ ဒေသခံတစ်ဦးက The 74 Mediaကိုပြောသည်။
“​ဘေးအိမ်မှာ အိမ်ရှင်တို့ဆိုပြီးအော်တာကြားရတယ်၊ ကျွန်မတို့က ကြောက်လို့ မီးအကုန်ပိတ်ထားတယ်၊ အင်အားများတယ် ကား၅စီးနဲ့ လူခွဲပြီး စစ်တာ၊ အိမ်ရှေ့မှာ စစ်သားတွေထိုင်နေတာ” ဟု သူကပြောသည်။
တစ်ချို့အိမ်များကို နာမည်အတိအကျခေါ်ကာ စစ်ဆေးမှုများပြုလုပ်ကြောင်း သူကဆက်ပြောသည်။
“အကြောင်းသိတဲ့ ရပ်ကွက်လူတွေပါတယ် ထင်တယ်၊ ကျွန်မအသိတစ်ယောက်အိမ်ကို အိမ်ရှင်တို့လို့ မခေါ်ပဲ နာမည်အတိအကျ ခေါ်ပြီး စစ်တာ၊ non-CDM အိမ်တွေကိုတော့ သိပ်မမေးဘူးတဲ့” ဟု သူကပြောသည်။
စစ်ကောင်စီတ်ဖွဲ့ဝင်များက ရှောင်တခင် ဧည့်စာရင်း စစ်ဆေးမှုသည် အာဏာသိမ်းပြီးနောက် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယခုချိန် ဧည့်စာရင်း စစ်ဆေးခံရသည့် ရပ်ကွက်များသည် အလင်းကောင်ရပ်ကွက် ၊ ခါနန်ရပ်ကွက် တို့ စစ်ဆေးခံနေရသည်ဟု သိရပြီး ကျန်သည့် ရပ်ကွက်များလည်း စစ်ဆေးနိုင်ကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။
ညသန်းခေါင် အချိန် ရှောင်တခင်လာရောက်စစ်ဆေးသောကြောင့် မိုးမောက်မြို့ရှိ ရပ်ကွက်ပြည်သူများ ထိန့်လန့် စိုးရိမ်နေကြောင်း သိရသည်။
မိုးမောက်မြို့နယ်အတွင်း ဧပြီလနှင့် မေလအကြား စစ်ကောင်စီတပ်များနှင့် ကေအိုင်အေတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ