စစ်ကောင်စီတပ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော တန့်ဆည်မြို့နယ် ကျေးရွာနှစ်ရွာမှ ဒေသခံများ စားနပ်ရိက္ခာနှင့်ဆေးဝါးများ လိုအပ်နေ
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာနှင့် လိပ်ခြံကျေးရွာမှ ဒေသခံပြည်သူ ၆၀၀ ဝန်းကျင်ခန့် တိုက်ပွဲကြောင့် တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော တန့်ဆည်မြို့နယ် ကျေးရွာနှစ်ရွာမှ ဒေသခံများ စားနပ်ရိက္ခာနှင့်ဆေးဝါးများ လိုအပ်နေ

 

စစ်ဘေးရှောင်ပြည်သူများတွင် ကိုဗစ်အတည်ပြုလူနာများနှင့် သက်ကြီးရွယ်အိုများလည်းပါဝင်ကြောင်း စစ်ရှောင်တစ်ဦးက The 74 Media ကိုပြောသည်။
“အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပြေးလာတဲ့သူပါတယ်။ ရွာသူရွာသားတွေက ဖိနပ်တောင်မပါဘူး။ ခြေဦးတည်ရာ ပြေးကြရတာ။ ကျွန်တော်တို့ဆီမှာ သက်ကြီးရွယ်အိုတွေပါတယ်။ နို့စို့ကလေးတွေပါတယ်။ Positiveလူနာတွေလဲပါတယ်။ သူတို့ကိုတော့ သီးသန့်ထားရတာပေါ့။ အဲဒါကြောင့် အစားအစာ၊ အဝတ်အစားနဲ့ ဆေးဝါးတွေလိုအပ်နေပါတယ်” ဟုပြောသည်။
စစ်ရှောင်ပြည်သူများတွင် အသက် ၉၀ ဝန်းကျင် သက်ကြီးရွယ်အိုများ ၂၅ ဦးခန့်၊း နို့စို့အရွယ်ကလေး ၂၀ ဦးခန့်ပါဝင်ကြောင်းသူကပြောသည်။
လက်ရှိအချိန်တွင် အခြေအနေက မငြိမ်သက်သေးသောကြောင့် ၎င်းတို့၏နေရပ်ဒေသတွင် ပြန်လည်နေထိုင်ရန် မဖြစ်နိုင်သေးကြောင်း သူက ဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကပေါင်းကျကျေးရွာတွင် ဩဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တပ်စွဲကာ ဒေသခံများ၏ နေအိမ်များကို ဖျက်စီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်သွားပြီး လိပ်ခြံကျေးရွာတွင်လည်း နေရပ်အိမ်များဖျက်စီးသွားကြောင်း ဒေသခံများကပြောသည်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာသည် အိမ်ခြေ ၇၀၀ ခန့်၊ လူဦးရေ ၄၀၀၀ ဝန်းကျင်ရှိသည့် ကျေးရွာဖြစ်ပြီး လိပ်ခြံကျေးရွာတွင်မူ အိမ်ခြ ၃၀၀ခန့်၊ လူဦးရေ ၁၀၀၀ ဝန်းကျင်ရှိသော ကျေးရွာများဖြစ်သည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ကြောင့် အဆိုပါကျေးရွာနှစ်ရွာမှ ပြည်သူများသည် အဖွဲ့များကွဲကာ တကွဲတပြားစီ ထွက်ပြေးနေရကြောင်း သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ