တန့်ဆည်တွင် ပြည်သူ ၁၂ ဦးကို PDF ယောင်ဆောင်ထားသည့် စစ်ကောင်စီများ ဖမ်းဆီး၊ ပြည်သူ့အချို့ပျောက်ဆုံးနေ
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ လိပ်ခြံကျေးရွာတွင် ဩဂုတ်လ ၃၁ ရက်နေ့၌ ရွာအတွင်း ပစ္စည်းယူရန် ပြန်လာသည့် ပြည်သူ ၁၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရပ်ဝတ်ဖြင့် PDF ဟန်ဆောင်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

တန့်ဆည်တွင် ပြည်သူ ၁၂ ဦးကို PDF ယောင်ဆောင်ထားသည့် စစ်ကောင်စီများ ဖမ်းဆီး၊ ပြည်သူ့အချို့ပျောက်ဆုံးနေ

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူ ၁၂ ဦးကိုဖမ်းဆီးသွားချိန် တစ်ဦးကို လည်ပင်းတွင် ကြိုးကွင်းစွပ်၍ ကျန် ၁၁ ဦးကို လက်ပြန်ကြိုးတုပ်ပြီး ခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသည့် မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“လိပ်ခြံရွာက ဖမ်းခံရတာ ၁၂ ယောက် ဟုတ်တယ်။ ဦးမျိုးဝင်း ကိုလည်ပင်းမှာ ကြိုးတုပ်ပြီး ဖမ်းတာ။ ကျန်တဲ့သူတွေကိုကတော့ လက်ပြန်တုပ်ပြီး ခေါ်သွားတယ်။ ဦးမျိုးဝင်းက တူမီးပိုင်ရှင် ရွာက အမဲလိုက်တဲ့ ရွာဆိုတော့ သိတဲ့အတိုင်း တူမီးလောက်တော့ ရှိကြတာပေါ့” ဟုသူကပြောသည်။
စစ်ကောင်စီက ဖမ်းခေါ်သွားသည့် ၁၂ ဦးသည် ကိုမျိုးဝင်း၊ ကိုကျော်ထွန်း၊ ကိုသန်းလင်း၊ ကိုပြည့်ဖြိုးအောင်၊ ကိုနိုင်လင်း၊ ကိုနိုင်ဝင်း၊ ကိုဝင်းအေး၊ ကိုချိုမင်း၊ ကိုနေဦးထိုက်ဦး၊ ကိုဝင်းဇော်၊ ကိုချိုလင်းနှင့် ကိုကျော်လင်းတို့ ဖြစ်ကြပြီး တန့်ဆည်ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ ဒေသခံပြည်သူများကို ဖမ်းဆီးသွားသည့်အပြင် ပစ်ခတ်သတ်ဖြတ်ခံရသူလည်းရှိကြောင်း ပစ်သတ်ခံထားရသည့် အလောင်းကိုတွေ့ရှိခဲ့သူက The 74 media ကိုပြောသည်။
“တချို့အသိတွေက အဆက်အသွယ်မရသေးဘူး။ အခု ၇ ယောက်လောက်ပျောက်နေတယ် ရွာထဲလည်း ခဏပြေးရှာသေးတယ် တစ်လောင်းပဲတွေ့တယ် ခေါင်းကို သေနတ်နဲ့ ပစ်ထားခဲ့တာ။” ဟုသူကပြောသည်။
လိပ်ခြံကျေးရွာမှ ဒေသခံများသည် ဩဂုတ်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာအတွင်းသို့ ဝင်လာ တပ်စွဲခဲ့သောကြောင့် တစ်ကွဲတစ်ပြား ထွက်ပြေးခဲ့ရပြီး ယနေ့ထိ တစ်ဦးနှင့် တစ်ဦး ဆက်သွယ်မရ ဖြစ်နေကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။
“သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်)က ရွာထဲကို သေနတ်ဖောက်ပြီး ဝင်ခဲ့တယ်။ ကျွန်တော်တို့ ထွက်ပြေးနေတာ တောင်ရောက် မြောက်ရောက် တွေဖြစ်ပြီး တစ်ကွဲတစ်ခြားတွေ ဖြစ်ကုန်ကြပြီ။ ရွာထဲ မနေရဲဘူး သူတို့ လာပစ်မှာလားဆိုပြီး ကြောက်နေရတာ။ ရွာထဲ ဝင်လဲ ခဏ ဝင်ကြည့်တာ သူတို့နဲ့ တိုက်ရိုက်တွေ့လို့ ပြန်ပြေးလာခဲ့ရတယ်။ တချို့က အဆက်သွယ်မရဘူး။ သတ်ခံရတာလား။ ဖမ်းသွားပြီလားမသိဘူး” ဟုသူကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာမှ ဒေသခံပြည်သူများ၏ ကြက်၊ ဝက်များကို သတ်ဖြတ်စားပြီး နေအိမ်များကိုလည်း ဖျက်ဆီးကာ ပစ္စည်းအချို့ကိုလည်း ယူသွားကြောင်းသူကဆက်ပြောသည်။
လိပ်ခြံကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ တစ်ထောင်ဝန်းကျင်ရှိသည့် ကျေးရွာဖြစ်ပြီး ဩဂုတ်လ ၂၈ ရက်နေ့မှ စ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲခဲ့သောရွာဖြစ် သည်။
သင့်ထင်မြင်ချက်ရေးပေးပါ