စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကပေါင်းကျကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ​ကျေးရွာအတွင်း တပ်စွဲကာ ဒေသခံများ၏ နေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်​ကောင်စီတပ်ဖွဲ့များက ​တန့်ဆည်မြို့နယ်အတွင်း နေအိမ်များကို ဖျက်ဆီး

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကပေါင်းကျကျေးရွာတွင် ဩဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှစပြီး ဝင်ရောက်တပ်စွဲ၍ ​ဒေသခံများ၏ နေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“လက်နက်ကြီးထိတဲ့ အိမ်လည်း ရှိတယ်။ မီးလည်းလောင်ထားတဲ့အိမ်လည်း ပါတယ်။ တချို့အိမ်တွေဆို အဖြိုခံထားရတယ်။ စစ်​​ကောင်စီက သူတို့ကိုယ်တိုင် ဓားတွေနဲ့ခုတ် တံခါးတွေဖျက်ပြီး ပြည်သူတွေ စုဆောင်းထားတဲ့ ပစ္စည်းတွေလည်း ယူသွားတာ” ဟုပြောသည်။
က​ပေါင်းကျဒေသခံတို့သည် ​တောတွင်းတစ်နေရာတွင် စစ်ရှောင်​နေရာမှ ယမန်နေ့က ကျေးရွာအတွင်းသို့ ပုန်းလျှိုဝင်ရောက်ခဲ့စဥ်တွင် ​​စစ်​ကောင်စီတပ်က ဖျက်စီး​ထား​သော မီးရှို့ထား​သော ​နေအိမ်များကို မြင်​တွေ့ခဲ့ခြင်းဖြစ်သည်။
​နောက်ထပ်​ဒေသခံတစ်ဦးကမူ စစ်​ကောင်စီတပ်က ဖျက်စီးသွား​သော ​နေအိမ် ကိုးအိမ်ရှိပြီး ​နေအိမ် တစ်လုံးကိုမူ မီးရှို့ဖျက်ဆီးသွား​ကြောင်း ​ပြောသည်။
ယခုအချိန် ​တောတွင်းတစ်​နေရာတွင် စစ်​ရှောင်​နေရ​သော်လည်း ​နောက်ပိုင်းတွင် ဖျက်စီးခံခဲ့ရ​သော နေအိမ်များကို ပြန်လည် ထူထောင်ချိန်တွင် အကူအညီရရှိရန် ​မျှော်လင့်နေကြောင်းလည်း သူက ပြောသည်။
တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာသည် အိမ်ခြေ ၇၀၀ ခန့်ရှိပြီး လူဦးရေ ၄၀၀၀ ဝန်းကျင်ရှိသည့် ကျေးရွာဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ