မင်းတပ်တွင် စစ်ကောင်စီတပ်များ ဘုရားကျောင်းရှိ ပစ္စည်းများခိုးယူ
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ချပ်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ ရွာအတွင်းရှိ ပြည်သူများ၏ နေအိမ်များမှ အသုံးအဆောင်ပစ္စည်းများနှင့် ကက်သလစ်ဘုရားကျောင်းအတွင်းမှ ဘုရားပစ္စည်းများအား ခိုးယူ၊ ဖျက်ဆီးခဲ့ကြောင်းသိရသည်။

မင်းတပ်တွင် စစ်ကောင်စီတပ်များ ဘုရားကျောင်းရှိ ပစ္စည်းများခိုးယူ

ဒေသခံပြည်သူများက ရွာမှ အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်နေချိန် ရွာရှိဘုရားကျောင်းမှ အသုံးအဆောင် ပစ္စည်းအချို့ ဖျက်ဆီးခံထားရပြီး အချို့ပျောက်ဆုံးနေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဘယ်သူမှ မဟုတ်ဘူး၊ စစ်ခွေးတွေပါ။ ပျောက်တာ ပျက်စီးသွားတာတွေက များနေလို့ အတိအကျ ပြောလို့ မရသေးဘူး။ ဘုရားကျောင်းထဲ ဝင်ပြီး ကိုယ်တော်မြတ် ကျောင်းဆောင်ကိုလဲ သော့ဖွင့်ပြီ ကိုယ်တော်မြတ်ကို အပြင်ထုတ်ထားခဲ့ကြတယ်။ စပျစ်ဝိုင်ကိုလည်း ဒါဇင်နဲ့ထားတာ အကုန်သောက်သွားကြတယ်” ဟုသူကပြောသည်။
ကိုယ်တော်မြတ်ဆိုသည်မှာ ကက်သလစ်ဘာသာဝင်များအတွက် သခင်ယေရှု၏ အသားတော်နှင့် စပျစ်ဝိုင်အား အသွေးတော်အဖြစ် မှတ်ယူပြီး အထွတ်အမြတ်ထားသောအရာဖြစ်သည်။
စစ်ကောင်စီတပ်များက ရွာအတွင်းရှိ ဒေသခံပြည်သူတို့၏ ကြက်၊ ဝက်နှင့် နွားနောက်နှစ်ကောင်ကိုလည်း သတ်စားထားပြီး အိမ်တိုင်းမှ အသုံးအဆောင်ပစ္စည်းများကိုလည်း ဖျက်ဆီးထားကြောင်း သူကဆက်ပြောသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို မေလ ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် စစ်ကောင်စီတပ်၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဇူလိုင်လ တတိယအပတ်မှ စတင်ကာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ပျက်ပြယ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးပြန်လည်တင်းမာလာခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ