ကျွဲများနေ့စဉ်သေဆုံးခဲ့သည့် ရှင်ဗွေယန်မြို့တွင် ကာကွယ်ဆေးထိုး
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ရှိ တခက်ကျေးရွာတွင် လည်ချောင်းကွဲလျှာနာရောဂါကြောင့် ကျွဲများနေ့စဉ် သေဆုံးမှုရှိနေသောကြောင့် ဩဂုတ်လ ၃၁ ရက်နေ့ ညနေမှစ၍ ကျွဲများကို ကာကွယ်ဆေးထိုးကြောင်း သိရသည်။

ကျွဲများနေ့စဉ်သေဆုံးခဲ့သည့် ရှင်ဗွေယန်မြို့တွင် ကာကွယ်ဆေးထိုး

တနိုင်းမြို့နယ် မွေးမြူရေးနှင့် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ယမန်နေ့ ညနေလေးနာရီတွင် ကာကွယ်ဆေးလာရောက် ထိုးနှံပေးသွားသည်ဟု သတင်းအရင်းအမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“တနိုင်းမြို့နယ်က တိကုဆရာတစ်ယောက်ရောက်ခဲ့တယ်။ ကျွဲ ၅၆ ကောင်ကို ထိုးပေးလိုက်တာ။ တစ်ဝက်လောက် ကျန်သေးတယ်။ ဒီနေ့ထပ်ထိုးဖို့ရှိသေးတယ်။ တနေ့ကစိုးရိမ်ရတယ်ဆိုတဲ့ ကျွဲနှစ်ကောင်လည်း ထပ်သေသွားပြီ” ဟု သူကပြောသည်။
ကျွဲများအား ကာကွယ်ဆေးထိုးပြီးသည်နှင့် နွားများကိုလည်း ကာကွယ်ဆေးဆက်လက်ထိုးသွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။
တခတ်ကျေးရွာတွင် လွန်ခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့မှစ၍ ကျွဲများနေ့စဉ်သေဆုံးမှုရှိနေကာ တစ်ပတ်အတွင်း ကျွဲသေဆုံးမှု ဆယ်ကောင်ထိရှိလာကြောင်း သိရသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ ရှင်ဗွေယန်မြို့နယ်ခွဲတွင် အိမ်ထောင်စု ၂,၁၃၀ စုရှိပြီး လူဦးရေ ၁၁,၄၅၃ ဦး နေထိုင်သော မြို့တစ်ခုဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ