မုံးကိုးမြို့နယ်တိုက်ပွဲတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ပြည်သူများ အစားအစာနှင့်ဆေးဝါး အခက်အခဲဖြစ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်၊ ကောင်းလုံကျေးရွာနှင့် နမ့်ဖာကျေးရွာတွင် ဩဂုတ်လ ၂၈ ရက်နေ့မှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူ ၆၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လတ်တလောတွင် ဆေးဝါးနှင့် အစားအသာက်များ အခက်အခဲဖြစ်နေကြောင်း သိရသည်။

မုံးကိုးမြို့နယ်တိုက်ပွဲတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ပြည်သူများ အစားအစာနှင့်ဆေးဝါး အခက်အခဲဖြစ်နေ

 

ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလာသောကြောင့် ဩဂုတ်လ ၂၉ ရက်နေ့တွင် မုံးကိုးမြို့ကချင်နှစ်ခြင်းဘုရားကျောင်းသို့ ထွက်ပြေးတိမ်းရှောင်လာပြီး စစ်ရှောင်ပြည်သူထပ်တိုးပါက နေစရာလည်း အခက်အခဲဖြစ်နေသည်ဟု စစ်ရှောင်တာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။
“လောလောဆယ် အခက်အခဲကတော့ ဆေးဝါးနဲ့ အစားအသာက်ပေါ့ လူ ၆၀၀ ကျော်ဆိုတော့ ရေရှည်မလွယ်ဘူးပေါ့။ ထွက်ပြေးလာတဲ့သူတွေက ကိုယ်မှာကပ်တဲ့ အင်္ကျီတွေပဲပါလာကြတယ်။ ခုက မိုးရာသီလည်းဖြစ်နေတော့ စစ်ရှောင်ပြည်သူတွေတွေတိုးလာရင် အဆောက်အအုံတွေ နေထိုင်ဖို့ခက်လာမယ်။ တိုက်ပွဲက ဘယ်ချိန်ပြီးမလဲ မသိဘူးဆိုတော့” ဟု သူကပြောသည်။
စစ်ရှောင်ပြည်သူများ ထွက်ပြေးတိမ်းရှောင်လာသည့် မုံးကိုးမြို့တွင်း ၂၀၁၆ ခုနှစ်က တိုက်ပွဲဖြစ်ပွားခဲ့ချိန် တစ်ဖက်တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယခုတစ်ကြိမ် တိုက်ပွဲပြန်လည်ဖြစ်ပွားလာပါက ထွက်ပြေးစရာ လမ်းမရှိတော့ကြောင်း သူကဆက်ပြောသည်။
“တိုက်ပွဲအခြေအနေအရဆိုတော့ မြို့တွေမှာလည်း မဖြစ်လာဘူးလို့ မပြောနိုင်ဘူး၊ အရင်လို တရုတ်ပြည်ကို ပြေးဖို့ကလည်း သူတို့က အားလုံးကာထားတယ်ဆိုတော့ ထွက်ပြေးစရာလမ်းက မရှိဘူး” ဟု သူက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ပြီး စခန်းတွင်လည်း စစ်ရှောင်ပြည်သူများ ဆက်လက် ဝင်ရောက်နေဆဲဖြစ်ပြီး ရွာတွင် လမ်းမလျောက်နိုင်သူများနှင့် သက်ကြီးရွယ်အိုများသာ ကျန်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မတ်လမှစ၍ စစ်ကောင်စီတပ်နှင့် KIA၊ MNDAA တို့ကြား မကြာခနတိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ရိက္ခာနှင့် စစ်အင်အားတိုးချဲ့မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။
သင့်ထင်မြင်ချက်ရေးပေးပါ