ရှင်ဗွေယန်မြို့နယ် တခက်ကျေးရွာတွင် ကျွဲများ အမည်မသိရောဂါဖြင့် သေဆုံးနေ
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ရှိ တခက်ကျေးရွာတွင် ဩဂုတ်လ ၂၅ ရက်နေ့မှစတင်ကာ အမည်မသိရောဂါကြောင့် ကျွဲများ ပါးစပ်မှ အမြုပ်ထွက်ကာ သေဆုံးနေကြောင်းသိရသည်။

ရှင်ဗွေယန်မြို့နယ် တခက်ကျေးရွာတွင် ကျွဲများ အမည်မသိရောဂါဖြင့် သေဆုံးနေ

ကျေးရွာအတွင်း အမည်မသိရောဂါကြောင့် သေဆုံးသွားသော ကျွဲရှစ်ကောင်ရှိပြီဖြစ်ကြောင်း ရပ်ရွာအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက The 74 Media ကိုပြောသည်။
“အရင်အပတ် ဗုဒ္ဓဟူးနေ့က စဖြစ်တာဟုတ်တယ်။ ကျွဲကလေးတွေပဲအများဆုံးဖြစ်တာ။ ကျွဲမကြီးက တစ်ကောင်ရှိပြီ။ မနေ့က နှစ်ကောင်သေတော့ စုစုပေါင်း ရှစ်ကောင်ရှိပြီသေတာ။ မှိုင်ပြီးတော့ ဘာမှမစားဘဲ လျှာတွေရောင်ပြီး ပါးစပ်ကနေ အမြှုပ်ထွက်ပြီးတော့ သေတာ။ ပထမတစ်ကောင်ကိုတော့ ဘာကြောင့် သေမှန်းမသိလို့ စားမိလိုက်ကြတယ်။ နောက်ထပ် ခုနှစ်ကောင်ကိုတော့ မစားရဲကြတော့ဘူး မြုပ်လိုက်ကြတယ်” ဟု ပြောသည်။
ကျွဲများ သေဆုံးမှုနှင့်ပတ်သက်ပြီး ရှင်ဗွေယန်မြို့နယ်ခွဲရှိ တိရစ္ဆာန်ဆေးကုဆရာဝန်ကို ဆက်သွယ်ထားပြီး လက်ရှိတွင် ထိုသို့နေမကောင်း ဖြစ်နေသော ကျွဲပေါက်လေးနှစ်ကောင်ရှိနေကြောင်း သူကဆက်ပြောသည်။
ထိုကဲ့သို့ ကျွဲသေဆုံးမှုသည် တခက်ကျေးရွာတွင် ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြားကျေးရွာများမူ ဖြစ်ပွားမှုမရှိကြောင်းသိရသည်။
တခက်ကျေးရွာနေ ဒေသခံများက ကျွဲများကို ဆေးဝါးများတိုက်ကျွေးသော်လည်း ပျောက်ကင်းသက်သာလာမှုမရှိသောကြောင့် များစွာစိုးရိမ်နေကြကြောင်း သိရသည်။
ရှင်ဗွေယန်မြို့သည် တနိုင်းမြို့နယ်အတွင်းရှိမြို့နယ်ခွဲတစ်ခုဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၂,၁၃၀ စုရှိပြီး လူဦးရေ ၁၁,၄၅၃ ဦး နေထိုင်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ