မိုးညှင်းမြို့တွင် အပြင်သွားလာခွင့် ကဒ်ပြားများ လိုက်လံဖြန့်ဝေ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် အပြင်သွားလာခွင့် ကဒ်ပြားကိုင်ဆောင်မှသာ သွားလာခွင့် ပြုတော့မည်ဖြစ်ကြောင်း သိရသည်။

မိုးညှင်းမြို့တွင် အပြင်သွားလာခွင့် ကဒ်ပြားများ လိုက်လံဖြန့်ဝေ

 

မိုးညှင်းမြို့နယ်တွင် ဩဂုတ် (၂၅) ရက်နှင့် (၂၆) ရက်နေ့ နှစ်ရက်အတွင်း ပိုးတွေ့လူနာ စုစုပေါင်း ၆၀ ဦးကျော် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အပြင်ထွက်ခွင့်ကဒ်ပြားများ လိုက်လံပေးဝေခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မနေ့နေ့လယ်က ရာအိမ်မှူး လာဝေပေးတာ၊ ဘယ်နေ့က စ အကြုံးဝင်မယ်သတ်မှတ်ထားတာ မရှိသေးဘူး၊ ကိုဗစ်က မိုးညှင်းမှာ အိမ်တိုင်းနီးပါးဖြစ်နေတာ၊ အောက်ဆီဂျင် ရှူရတာတွေတော့ သိပ်မရှိဘူး” ဟု သူကပြောသည်။
နေအိမ်ပြင်ပတွင်ရှိနေချိန် နှာခေါင်းစည်းမတပ်သူများကို ၇ ရက် အချုပ်ထဲတွင် ထည့်ထားမည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲများက ပြောကြောင်း သူကဆက်ပြောသည်။
“Mask မတပ်ရင် သူတို့ပြောတာတော့ အချုပ်ထဲမှာ ၇ ရက် နေရမှာပေါ့၊ ဟိုနေ့က ရပ်ကွက်ထဲက လေးယောက်ကို စခန်းမှာ နာရီဝက်လောက် နေပူထဲမှာ ရပ်ခိုင်းပြီး ပြန်ခိုင်းတာတဲ့” ဟု သူကပြောသည်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့ကို ဩဂုတ်လ ၂၅ ရက်နေ့မှစ၍ “Stay at Home မြို့နယ်” အဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကိုဗစ် တတိယလှိုင်းတွင် မိုးညှင်းမြို့နယ်၌ ဩဂုတ်(၂၆)ရက်နေ့အထိ ပိုးတွေ့လူနာစုစုပေါင်း (၁၄၈၆)ဦး ရှိပြီး မိုးညှင်းမြို့တွင် ပိုးတွေ့ရှိမှုအများဆုံးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။
သင့်ထင်မြင်ချက်ရေးပေးပါ