ရှင်ဗွေယန်မြို့

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့တွင် ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်တွင် ကိုဗစ်၁၉ အတည်ပြုလူနာ တစ် ဦး ထပ်မံကွယ်လွန်ခဲ့ကြောင်းသိရသည်။

သက်သာလာသောကြောင့် အောက်ဆီဂျင်ဖြုတ်ထားချိန် ညီမဖြစ်သူမှ “သူများတွေ ဒီဆေးသောက်နေကျတယ်” ဟုဆိုကာ တရုတ်ဆေးဟုသိရသော ဆေးတိုက်ပြီးနောက် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ကိုဗစ်လူနာများကို ကူညီပေးနေသူ တစ်ဦး The 74 Media ကိုပြောသည်။
“ညနေ ၆ နာရီကျော်မှာ တစ်ယောက်ဆုံးသွားတယ် လူနာက အသက် ၅၀ ကျော် အမျိုးသား၊ ရောဂါအခံ အများကြီးရှိတယ်။ သူက အောက်ဆီဂျင်ပေးထားရတဲ့ လူနာ သက်သာလာလို့ ဖြုတ်ထားလိုက်တဲ့နောက် တရုတ်ဆေးလို့ပြောတဲ့ဟာ အဲ့တာတိုက်လိုက်တဲ့နောက် ဆုံးသွားတာတဲ့” ဟုသူကပြောသည်။
ရှင်ဗွေယန်တွင် ယနေ့ ကိုဗစ်၁၉ အတည်ပြုလူနာ ငါးဦးထပ်တိုးပြီး ဇူလိုင်လ ၁၃ ရက်နေ့မှစ၍ ယနေ့ထိ ပိုးတွေ့လူနာ စုစုပေါင်း ၉၀ ဦးရှိပြီဖြစ်ကြောင်း သူကဆက်ပြောသည်။
ရှင်ဗွေယန်မြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့တွင် ကိုဗစ်အတည်ပြု လူနာတစ်ဦး သေဆုံးခဲ့ပြီး ရှင်ဗွေယန်တွင် ကိုဗစ်ရောဂါဖြင့် သေဆုံးသူ နှစ်ဦးရှိပြီဖြစ်သည်။

ရှင်ဗွေယန်မြို့သည် လူဦးရေ ၃၉၈၆ ဦးနေထိုင်သော ဒေသဖြစ်ပြီး ပိုးတွေ့ရှိမှုနှုန်းမြှင့်တက်လာသောကြောင့် ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့ထိ မြို့အဝင်အထွက် ပိတ်ထားလိုက်ပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ