အင်းစိန်ထောင်

ရန်ကုန်တိုင်းရှိ နာမည်ဆိုးဖြင့်ကျော်ကြားသည့် အင်းစိန်ထောင်အတွင်း ယမန်နေ့ကဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အမျိုးသားငါးဦးကို ရိုက်နှက်ကာ တိုက်ပိတ်ထားသည်ဟု သိရသည်။

အင်းစိန်ထောင်အတွင်း ယမန်နေ့ ဇူလိုင် ၂၃ ရက် နံနက် ၇ နာရီမှ ၈ နာရီအကြား စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြမှုနှင့် ကြွေးကြော်သံများပြိုင်တူသီဆိုသည့် ဗွီဒီယိုများ ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။
အဆိုပါဆန္ဒပြမှုနှင့်ဆက်စပ်သည့် အမျိုးသားငါးဦးကို ရိုက်နှက်ကာ လက်ရှိအချိန်တွင် တိုက်ပိတ်ထားသည်ဟု နီးစပ်သူတစ်ဦးထံမှ သိရသည်။
“အတိအကျကြားထားတာက ဆန္ဒပြမှုနဲ့ပတ်သက်ပြီး အမျိုးသားငါးယောက်ကို ရိုက်နှက်ပြီး တိုက်ပိတ်ထားတယ်၊ အမျိုးသမီးတချို့ကိုလည်း အလားတူ ရိုက်နှက်တယ်လို့ကြားတယ်၊ ဒါပေမဲ့ အတိအကျမသိသေးဘူး၊ အမျိုးသားငါးယောက်ကိစ္စက သေချာတယ်” ဟု ပြောသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်းစိန်ထောင်ကို ဝင်စီးထားပြီး ထောင်ဝန်ထမ်းများ၏ လက်နက်များကို သိမ်းဆည်းထားသည်ဟု ဇူလိုင်လ ၂၃ ရက်မွန်းလွဲပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ကိုဗစ်၁၉ ကပ်ရောဂါအခြေအနေနှင့် ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရရှိသည့်အတွက် အင်းစိန်ထောင်အတွင်းရှိ အမျိုးသမီးအကျဉ်းထောင်က စတင်ဆန္ဒပြခဲ့ပြီး အကျဉ်းထောင်တစ်ခုလုံးကို ပျံ့နှံ့ခဲ့သည်ဟု သိရသည်။

အင်းစိန်ထောင်အတွင်း ဆန္ဒပြမှုဖြစ်စဉ်များ ယခင်ကလည်း ဖြစ်ခဲ့ဖူးပြီး ၁၉၉၁ နှင့် ၂၀၁၁ ခုနှစ်များတွင် အစာငတ်ခံဆန္ဒပြမှုများအပြင် ၂၀၀၈ ခုနှစ်တွင် ဆန္ဒပြမှုကို နှိမ်နှင်းသဖြင့် လူပေါင်း ၃၀ ကျော်ခန့်သေဆုံးခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ