ဂျန်မိုင်​ကောင်းစစ်​ရှောင်စခန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဂျန်မိုင်ကောင်းရပ်ကွက်ရှိ စိန်ပေါလ်ယာယီစစ်ရှောင်စခန်း​မှ ပြည်သူ နှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း သိရသည်။

ကိုဗစ်ပိုးတွေ့ရှိသူနှစ်ဦးမှာ သားအမိနှစ်ဦးဖြစ်ပြီး မိခင်အနံ့ပျောက်သဖြင့် စစ်ဆေးကြည့်ရာမှ ကိုဗစ်ပိုးတွေ့ရှိကြောင်း စစ်ရှောင်စခန်းရှိ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“သားအမိနှစ်ယောက်မှာ မိခင်က မနေ့တစ်နေ့ကတည်းက အနံ့ပျောက်လာလို့ ဒီနေ့သွားစစ်ကြည့်တာ ပေါ်သွားတာ။ သူတို့သားအမိသုံးယောက်စစ်တာ မိခင်နဲ့အစ်မဖြစ်သူကပေါ်ပြီး အငယ်ဆုံးက မတွေ့ဘူး။ ဖျားတာက သုံးလေးရက်တော့ဟုတ်ပြီ။ ခရီးထွက်တာတွေတော့ မရှိဘူး။ ဈေးသွားပြီး ကူးခဲ့လားမသိဘူး။ သူက မီးယပ်တွေ သွေးတိုးတွေ အခံတွေ တော့ရှိလို့လေ။ သူ့သမီးက ကိုဗစ်လက္ခဏာဘာမှတော့ မပြသေးဘူး။ မိခင်ကပဲ အဖျားတက်လိုက်ကျလိုက်နဲ့ အနံ့ကလည်း ပျောက်နေတာ” ဟု ပြောသည်။
ပိုးတွေ့ရှိခဲ့သည့် မိခင်ဖြစ်သူမှာ အသက် ၄၀ ကျော်၊ သမီးကြီး ဖြစ်သူမှာ အသက် ၁၅ နှစ်ရှိပြီဖြစ်ပြီး လက်ရှိတွင် ၎င်းတို့နှစ်ဦးကို ပညာရေးကောလိပ်တွင် ကုသပေးနေကြောင်း သူက ပြောသည်။
ကိုဗစ်ပိုးစစ်ရာတွင် Negative ပြသည့် သမီးအငယ်ဆုံးသည် ဆွေမျိုးသားချင်းများနှင့်အတူနေထိုင်နေပြီး ဖခင်ဖြစ်သူမှာ တာလောကြီး​ကျေးရွာသို့သွားရောက်၍ တောင်ယာလုပ်ကိုင်​နေကြောင်း သိရသည်။
ပိုး​တွေ့ရှိခဲ့သူ နှစ်ဦးနှင့်ထိ​တွေ့ခဲ့သူများကို ၎င်းတို့၏ စစ်​ရှောင်စခန်းရှိ အခန်းတွင်သာ အသွားအလာကန့်သတ်ထားပြီး သက်ဆိုင်ရာမှ စစ်​ရှောင်စခန်းကို Lockdown မချ​သေး​သော​ကြောင့် စစ်​ရှောင်စခန်း​မှ ပြည်သူများကိုယ်တိုင် စခန်းကို Lockdown ချလိုက်​ကြောင်း သိရသည်။
ကိုဗစ် တတိယလှိုင်းကြောင့် စစ်ရှောင်စခန်း​နေ ပြည်သူများအနေဖြင့် အစားအသောက်များ၊ ဆေးဝါးများနှင့် ငွေကြေးခက်ခဲမှုများစွာရှိနေပြီး ထောက်ပံ့ပေးရန်လိုအပ်နေသည်​ကြောင်း စစ်​ရှောင်ပြည်သူတစ်ဦးက​ The 74 Media ကိုပြောသည်။
“လက်ရှိနိုင်ငံရေးမကောင်းရတဲ့ကြားထဲ ဒီကပ်ရောဂါကလည်း ထပ်ဖြစ်တော့ အားလုံးခက်ခဲသွားတာပေါ့။ ဒီလိုအချိန်မှာ အစိုးရအနေနဲ့လည်း ကျွန်တော်တို့စစ်ရှောင်နေပြည်သူတွေကို တတ်နိုင်သလောက်ထောက်ပံ့ ပေးနိုင်ရင် အရမ်းကောင်းတယ်။ NGO တချို့က ထောက်ပံ့ပေးတာတွေရှိနေပေမယ့် လိုအပ်ချက်တွေ များတာကြောင့် ထပ်မံထောက်ပံ့မှုတွေပေးကြဖို့ အကူအညီတောင်းချင်ပါတယ်”ဟု​ပြောသည်။

မြစ်ကြီးနားမြို့၊ ဂျန်မိုင်ကောင်းရပ်ကွက်ရှိ စိန်ပေါလ်ယာယီစစ်ဘေးရှောင်စခန်းတွင် စစ်ရှောင်အိမ်ထောင်စု (၅၀) ရှိပြီး လူဦးရေစုစုပေါင်း ၂၅၆ ဦးခန့်နေထိုင်ကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ