မိုး​ကောင်းမြို့တွင် တစ်ရက်အတွင်း ကိုဗစ်​ကြောင့် ​ငါးဦးသေဆုံးပြီး ပိုး​တွေ့သူ ၂၄ ဦးထပ်တိုး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ကိုဗစ်​ ၁၉ ​ကပ်​ရောဂါကြောင့် ယ​နေ့ တစ်ရက်အတွင်း သေဆုံးသူ ငါးဦးနှင့် ပိုးတွေ့ရှိသူ ၂၄ ဦး ထပ်တိုးခဲ့သည်ဟု သိရသည်။

မိုး​ကောင်းမြို့တွင် တစ်ရက်အတွင်း ကိုဗစ်​ကြောင့် ​ငါးဦးသေဆုံးပြီး ပိုး​တွေ့သူ ၂၄ ဦးထပ်တိုး

သေဆုံးသူများသည် မိုးကောင်းပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေကြသူများဖြစ်ကြောင်း ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ အမည်မ​ဖော်လိုသူ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီနေ့ ပိုးတွေ့လူနာ ငါးဦးသေဆုံးတာ အတည်ပြုလိုက်ပါပြီ။ သေဆုံးသူတွေမှာ အသက်ကြီးပိုင်းနဲ့ ၃၀ ကျော်တွေပါတာပေါ့။ အများအားဖြင့် ဆီးချိုအခံရှိကြတယ်။ အမျိုးသား သုံးဦးနဲ့ အမျိုးသမီး နှစ်ဦး။ သေဆုံးသူတွေက လက္ခဏာပြပြီး ဆုံးတဲ့သူတွေချည်းပဲ” ဟုပြောသည်။
နေ့စဉ် ပိုးတွေ့လူနာအ​ရေအတွက် များပြားလာသော်လည်း အောက်ဆီဂျင်မလုံလောက်သဖြင့် အခက်ကြုံနေရသည်ဟု သူကဆက်ပြောသည်။
မိုးကောင်းမြို့တွင် ယနေ့ လူ ၅၁ ဦးကို ကိုဗစ် စစ်ဆေးရာ ပိုးတွေ့ရှိသူ ၂၃ ဦးနှင့် ပင်းဘောကျေးရွာမှ ငါးဦးစစ်ဆေးရာ တစ်ဦးပိုးတွေ့ရှိသဖြင့် စုစုပေါင်း ၂၄ ဦးရှိပြီဖြစ်သည်။
ပိုးတွေ့လူနာများသည် ဈေးကုန်း၊ နောင်ကိုင်တော် အရှေ့ရပ်၊ နတ်ကြီးကုန်း၊ ကညင်မြိုင်၊ အထက်ရေရှင်၊ မြို့ဦးနှင့် နန့်ရင်းတို့တွင် နေထိုင်ကြသူများဖြစ်သည်ဟု သိရသည်။
မိုး​ကောင်းမြို့တွင် ကိုဗစ်တတိယလှိုင်း​ကြောင့် အတည်ပြုလူနာ ၁၀ဦးနှင့် သံသယလူနာ ၂ဦး ​သေဆုံးခဲ့ပြီး ပိုး​တွေ့ရှိသူ ၃၀၀​ကျော်တွင် ၆၀ဦး​ ပျောက်ကင်းသွားပြီဖြစ်သည်။

Photo-CJ

သင့်ထင်မြင်ချက်ရေးပေးပါ