ပူတာအိုမြို့က ကောင်ကထောင်ဈေးကို Lockdown ချ

ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ကောင်ကထောင်ရပ်ကွက်ရှိ မြို့မဈေးတစ်ခုလုံးအား ယနေ့နံနက်မှစ၍ Lockdown ချလိုက်ပြီဖြစ်ကြောင်းသိရသည်။

ပူတာအိုမြို့က ကောင်ကထောင်ဈေးကို Lockdown ချ

 

အဆိုပါ ကောင်ကထောင်ဈေးတွင် ဈေးရောင်းနေသည့် ဈေးသည်အမျိုးသမီးတစ်ဦးသည် ယမန်နေ့က ကိုဗစ်ကြောင့် သေဆုံးသွားသည့်အတွက် ဈေးကို Lockdown ချလိုက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဈေးကတော့ မနက်စောစောကတည်းကနေ လော့ဒေါင်းချလိုက်တာပေါ့။ မနက်အစောကြီးကတည်းက တံခါးတွေပိတ်ထားတယ်။ တချို့ဟင်းသီးဟင်းရွက်သည်တွေက လမ်းဘေးမှာ နည်းနည်း ရောင်းကြတာတွေ့တယ်။ မနေ့ကသေဆုံးတဲ့တစ်ဦးက ကိုဗစ်နဲ့ဆိုတော့ ဒီဈေးအတွင်းမှာလည်း ထပ်ရှိနိုင်သေးတာပေါ့။ ဒါကြောင့် ကူးဆက်မှုတွေသိပ်မပျံ့နှံ့အောင် လကုန်အထိ ယာယီဈေးပိတ်မယ်လို့တော့ ဌာနဆိုင်ရာတွေကပြောကြတယ်”ဟု ပြောသည်။

ဈေးဝယ်သူများအား mask တပ်ကြရန် ယနေ့နံနက် ကိုးနာရီကျော်ခန့်တွင် တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် လိုက်လံသတိပေးခြင်းနေကြောင်း သူကဆက်ပြောသည်။

ပူတာအိုမြို့ရှိ ပိုးတွေ့လူနာများအား ပြည်သူ့ဆေးရုံတွင်ထားရှိ၍ ကုသပေးနေပြီး အောက်ဆီဂျင် လုံလောက်မှုမရှိခြင်းနှင့် ဝန်ထမ်းအင်အားမလောက်ခြင်းတို့ကြောင့် ခက်ခဲမှုရှိနေကြောင်း ဒေသခံများထံမှသိရသည်။

ပူတာအိုမြို့တွင် ကိုဗစ်တတိယလှိုင်းဖြစ်ပေါ်လာပြီးနောက် ပိုးတွေ့ရှိသူ ယနေ့အချိန်ထိ စုစုပေါင် ၃၀ ဦး ကျော်ရှိလာပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ