မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် အပြင်ထွက်ခွင့်ကတ်ပြား စတင်ဖြန့်ဝေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် Stay At Home ကြေညာပြီးနောက် ယမန်နေ့ ဇူလိုင်လ ၂၁ ရက်မှ စတင်ကာ အပြင်ထွက်ခွင့်ကတ်ပြား စတင်ဖြန့်ဝေနေသည်ဟု သိရသည်။

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် အပြင်ထွက်ခွင့်ကတ်ပြား စတင်ဖြန့်ဝေ

 

အပြင်ထွက်ခွင့်ကဒ်ပြားများကို ဈေးဝယ်ရန်နှင့် ဆေးရုံ၊ ဆေးခန်းသွားရန်အတွက် အပြင်ထွက်ခွင့်ကတ်ပြားဖြစ်ပြီး နေအိမ်ပြင်ပထွက်ချိန်တွင် ယူဆောင်မသွားပါက ဒဏ်ငွေဆောင်ရမည်ဟု မြစ်ကြီးနားမြို့ရှိ ရပ်ကွက်တစ်ခုမှ အုပ်ချုပ်ရေးမှူးက The 74 Media ကိုပြောသည်။

“ထွေအုပ်တွေပေးလိုက်တာကို ကျွန်တော်တို့က လိုက်ဝေတာဟုတ်တယ်။ လောလောဆယ်တော့ ဈေးသွားဖို့နဲ့ ဆေးရုံသွားဖို့ပဲ။ ဈေးသွားရင် တစ်အိမ်တစ်ယောက် ဆေးရုံ ဆေးခန်းသွားရင်တော့ နှစ်ယောက်ထွက်ခွင့်ရှိတယ်။ ကတ်မပါရင် ဒဏ်ငွေ ၁ ထောင် ကျပ်ပေးရမယ်။” ဟုပြောသည်။

ကဒ်ပြား၏နောက်တွင် လိုက်နာရမည့် စည်းကမ်းချက်များ ထည့်သွင်းရေးသားထားပြီး ထို ဝင်/ ထွက်ခွင့်ကတ်သည် မည်သည့်ရက်မှ စတင်အကျုံးဝင်မည်ကို ထည့်သွင်းရေးသားထားခြင်မရှိဘဲ အုပ်ချုပ်ရေးမှူးများလည်း မသိရှိကြောင်း သူကဆက်ပြောသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ်၁၉ ပိုးတွေ့ရှိမှုနှုန်းနှင့် သေဆုံးမှုနှုန်းမြှင့်တက်လာသောကြောင့် ဇူလိုင်လ ၁၃ ရက်နေ့မှစ၍ Stay At Home ကာလအဖြစ် စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးမှ ထုတ်ပြန်ကြေညာခဲ့သည်။

Stay at Home ကာလအဖြစ် သတ်မှတ်ထားသည့် မြို့နယ်အချို့တွင် အလားတူကတ်ပြားများကို အသုံးပြုလေ့ရှိပြီး ကိုဗစ်၁၉ ဒုတိယလှိုင်းတွင် ဖားကန့်မြို့တွင် အသုံးပြုခဲ့ဖူးကာ တတိယလှိုင်းတွင် ဗန်းမော်မြို့တွင် အသုံးပြုနေသည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ