တရုတ်နိုင်ငံတွင် တစ်ပတ်အတွင်း ရေကာတာနှစ်ခု ပြိုကျပျက်စီး၊ အခြားရေကာတစ်ခု ထပ်မံပြိုကျနိုင်ကြောင်း သတိပေးထုတ်ပြန်ထား

တရုတ်နိုင်ငံတွင် တစ်ပတ်အတွင်း မွန်ဂိုးလီးယားအတွင်းပိုင်းဒေသရှိရေကာတာနှစ်ခု မုန်တိုင်းကြောင့် ပြိုကျပျက်စီးသွားပြီး အခြားပြည်နယ်တစ်ခုရှိရေကာတာတစ်ခုလည်း အက်ကြောင်းများဖြစ်ပေါ်လာသဖြင့် ပြိုကျနိုင်ချေရှိကြောင်း သတိပေးထုတ်ပြန်ထားသည်။

မွန်ဂိုးလီးယားအတွင်းပိုင်းဒေသ (Inner Mongolia)၊ ဟူလွန်ဘွာမြို့ (Hulunbuir) ရှိ ရေကာတာနှစ်ခုသည် သက်တမ်းကြာမြှင့်လာသည့်အပြင် ဒလဟောမိုးရွာသွန်းမှုကြောင့် ပြိုကျပျက်စီးသွားခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံ၏ ရေအရင်းအမြစ်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ရေကာတာပြိုကျမှုကြောင့် လူတစ်သောင်းကျော်ကို ရွှေ့ပြောင်းပေးရပြီး ထိခိုက်ဒဏ်ရာရသူမရှိပါ။

ဟေနန်ပြည်နယ်၊ ဇန်ဇိုးမြို့တွင် ရေကြီးရေလျှံမှုကြောင့် လူ ၂၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ယီချန်မြို့ရှိ ယီဟေတန်ရေကာတာတွင် ၆၅ ပေခန့်ရှိသည့် အက်ကွဲကြောင်းဖြစ်ပေါ်လာသဖြင့် ပြိုကျပျက်စီးနိုင်ချေရှိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) က သတင်းထုတ်ပြန်ထားသည်။

ဇန်ဇိုးမြို့သည် ကမ္ဘာကျော် Apple ကုမ္ပဏီ၏ iPhone များ တပ်ဆင်သည့် စက်ရုံများရှိသည့်မြို့ဖြစ်ပြီး ရေလွှမ်းမိုးမှုကြောင့် ဖုန်းတပ်ဆင်သည့်လုပ်ငန်းများ ရပ်နားသွားမည်မဟုတ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။

လူဦးရေ ၁၃ သန်းကျော်ရှိသည့် ဇန်ဇိုးမြို့တွင် လူပေါင်း ၃၆၀၀၀ ကျော်က ရေလွှမ်းမိုးမှုဒဏ်ကို တိုက်ရိုက်ကြုံတွေ့နေရပြီး လူနှစ်သိန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု နိုင်ငံပိုင်သတင်းမီဒီယာများက ထုတ်ပြန်ထားသည်။

ယခုနှစ်ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ပျက်စီးမှုများသည် တရုတ်ယွမ် ၇၃ သန်း (အမေရိကန်ဒေါ်လာ ၁၁ သန်း) ခန့် ရှိနိုင်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံတွင် မိုးရာသီကာလများအတွင်း ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပေါ်လေ့ရှိပြီ သဘာဝပတ်ဝန်းကျင်ကျွမ်းကျင်ပညာရှင်များက ကန့်ကွက်ခဲ့ကြသည့် ရေကာတာအများအပြားကို အလွန်အကျွံတည်ဆောက်ခဲ့သဖြင့် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း မကြာခဏဆိုသလို ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေသည်။

ယခုနှစ် ရေလွှမ်းမိုးမှုများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်လုပ်ဆောင်ရန် တရုတ်သမ္မတရှီကျင့်ဖျင်က ညွှန်ကြားထားသည်ဟု နိုင်ငံတကာသတင်းစာမျက်နှာ အချို့က ဖော်ပြထားသည်။

Photo Credit – AFP

သင့်ထင်မြင်ချက်ရေးပေးပါ