ချီဖွေမြို့တွင် ကိုဗစ်၁၉ ပိုးတွေ့

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပြည်သူ့ဆေးရုံမှ အထွေထွေလုပ်သားနှစ်ဦးတွင် ဇူလိုင်လ ၂၀ ရက်နေ့က ကိုဗစ်၁၉ ပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

ချီဖွေမြို့နယ် ရစ်လော်ရပ်ကွက်တွင် နေထိုင်သော အသက် ၂၀ ကျော်အရွယ် အမျိုးသမီးနှင့် ချန်းဝမ် ဥကပ်ရပ်ကွက်တွင် နေထိုင်သော အသက် ၃၀ ကျော် အမျိုးသမီးတို့သည် နေမကောင်းသဖြင့် ပိုးစစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“အခုဖြစ်တာက ဆေးရုံက ဝန်ထမ်းနှစ်ယောက် နေမကောင်းတာက ၂ ရက်လောက်တော့ ရှိပြီတဲ့။ အရမ်းဖျားလာလို့ မသင်္ကာတာနဲ့ သွားစစ်တာဟုတ်တယ်။ အဲ့မှာပိုးတွေ့တာ လောလောဆယ် အိမ်ကိုတော့ Lockdown ချထားပြီ” ဟု သူကပြောသည်။
ပိုးတွေ့လူနာနှစ်ဦးသည် ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ထိစပ်သည့် မိသားစုဝင်များကို လည်း ပိုးစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။
ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်နေ့မှစ၍ ကိုဗစ်၁၉ ပိုးတွေ့ရှိခဲ့ပြီး လက်ရှိအချိန်တွင် ကိုဗစ်၁၉ရောဂါကို ဆေးကုသခံယူနေသူ စုစုပေါင်း ၁၅ ဦးရှိသည်။

ကချင်ပြည်နယ် အထူးဒေသ (၁) ချီဖွေမြို့နယ်သည် လူဦးရေ စုစုပေါင်း ၂၀၃၂၀ ဦး နေထိုင်သော ဒေသဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ