မိုးကောင်းမြို့မှ ကိုဗစ်၁၉ လူနာတစ်ဦးသေဆုံး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ မိုးကောင်းဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်၁၉ ပိုးတွေ့လူနာအမျိုးသားတစ်ဦး ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် သေဆုံးသွားသည်ဟု သိရသည်။

သေဆုံးသူ အသက် ၅၀ အရွယ် အမျိုးသားသည် ကိုဗစ်၁၉ ပိုးကူးစက်ခံထားရသူဖြစ်သဖြင့် ချက်ချင်းမီးရှို့သင်္ဂြိုလ်လိုက်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ကိုဗစ်၁၉ ရောဂါလက္ခာတွေပြလို့ လွန်ခဲ့တဲ့ ငါးရက်က ဆေးရုံပို့လိုက်တာ။ အိမ်တစ်အိမ်ထဲမှာပဲ အမျိုးသားနှစ်ယောက်ပိုးတွေ့တာ။ အဲ့ဒါတစ်ယောက်ဆုံးသွားပြီ။ နောက်တစ်ယောက်က ဆေးရုံမှာရှိသေးတယ်။ သူ့ကိုမီးရှို့သင်္ဂြိုလ်ဖို့ မိသားစုတွေလည်း သိပါတယ်” ဟုသူက ပြောသည်။
အဆိုပါ သေဆုံးသူ ပိုးတွေ့လူနာသည် လွန်ခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့တွင် ပိုးတွေ့ရှိခဲ့သည့် ၁၈ ဦးအနက် တစ်ဦး အပါအဝင်ဖြစ်ပြီး ဈေးကုန်းရပ်ကွက်ရှိ အထက(၂) ကျောင်းရှေ့တွင် နေထိုင်သူဖြစ်သည်ဟု သူကဆက်ပြောသည်။
မိုးကောင်းမြို့တွင် ကိုဗစ်၁၉ ပိုးတွေ့ရှိသူများကို မိုးကောင်းဆေးရုံနှင့် မြို့နယ်အားကစားကွင်းတို့တွင် ထားရှိပြီး လွန်ခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့မှ ယနေ့အထိ ပိုးတွေ့လူနာစုစုပေါင်း ၆၄ ဦးရှိလာပြီဖြစ်သည်။

ကချင်ပြည်နယ်တွင် ‌ ဇူလိုင်လ ၈ ရက်နေ့ထိ ကိုဗစ်၁၉ ပိုးကူးစက်ခံထားရပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသူ စုစုပေါင်း ၁၀ ဦးရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ