ပြည်သူအတွက် ဆက်လက်အကျဉ်းချခံနေရသည့် သူရဲကောင်းအချို့

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှ ပုဒ်မ ၅၀၅ – က ဖြင့် မတရား ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၄၅ ဦးကို ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့က ပြန်လွတ်ပေးခဲ့သည်။

တရားရုံးတွင် စစ်ဆေးဆဲအမှု ၃၂ မှုမှ အမျိုးသား (၉၅) ဦးနှင့် အမျိုးသမီး (၅၀)ဦး တို့ကို ပြန်လွတ်ပေးခဲ့ခြင်းဖြစ်သည်။
သို့သော် ဖေဖော်ဝါရီလမှစတင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ရဲရဲတောက်ပါဝင်ခဲ့ပြီး မလွတ်မြောက်လာသူများလည်း ရှိသေးသည်။ စစ်ကောင်စီက ပြန်လွတ်ပေးရာတွင် မပါဝင်ခဲ့ဘဲ စစ်ကောင်စီက ဆက်လက် မတရားထိန်းသိမ်းခံထားရသည့် သူရဲကောင်းအချို့ကို ဖော်ပြလိုက်ပါသည်။

ပြည်သူအတွက် ဆက်လက်အကျဉ်းချခံနေရသည့် သူရဲကောင်းအချို့

 

မသီရိချို
မသီရိချိုသည် မတ်လ ၁ ရက်နေ့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ်နေသူများကို ရဲများက ကားဖြင့်လိုက်လံဖမ်းဆီးချိန်တွင် သူမ၏ကားဖြင့် ရဲများကို ရှေ့မှပိတ်ဆို့တားဆီးပေးခဲ့သဖြင့် အဖမ်းခံရခြင်းဖြစ်ပြီး ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသည်။
ဇွန်လ ၃၀ ရက်နေ့တွင် သူမကိုရုံးထုတ်ရန် မြစ်ကြီးနားအကျဉ်းထောင်မှ သူမကို ကားဖြင့် ခေါ်ဆောင်သွားချိန် သူမကို လွတ်ပေးခြင်းမရှိသေးကြောင်းနှင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အော်ဟစ်ကြွေးကြော်ခဲ့သည်။
ဆရာမလငန်လွမ်းနော်
ဝိုင်းမော်မြို့နယ်မှ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်လငန်လွမ်းနော်သည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြရင်း ရဲအင်အားအလုံးအရင်းဖြင့် အရပ်သားတစ်ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၉ ဖြင့် တရားစွဲဆိုခံခဲ့ရသည်။
သူမနှင့်အတူဖမ်းဆီးခံခဲ့ရသည့် အရပ်သား ဒေါ်ဇတန်းဇယ်ညွှယ် ကို စစ်ကောင်စီက ယမန်နေ့တွင် ပြန်လွတ်ပေးခဲ့သော်လည်း ဆရာမကို ဆက်လက်အကျဉ်းထောင်တွင် ဆက်လက်ချုပ်နှောင်ထားဆဲဖြစ်သည်။
မြစ်ကြီးနားအခြေစိုက်သတင်းထောက်များ
မြန်မာနိုင်ငံအနှံ့မှ ဖမ်းဆီးခံထားရသူများအနက် ၂၂၉၆ ဦးကို လွတ်ပေးခဲ့ရာတွင် နိုင်ငံအနှံ့မှ သတင်းထောက် စုစုပေါင်း ၁၄ ဦးကို စစ်ကောင်စီက ပြန်လွတ်ပေးခဲ့သည်။ ပြန်လည်လွတ်မြောက်လာသည့် သတင်းထောက်များတွင် Myanmar Now နှင့် ဧရာဝတီသတင်းဌာနမှ သတင်းထောက်များနှင့် အခြားသတင်းတိုက်များမှ သတင်းထောက်များ ပါဝင်သည်။
သို့သော် မတ်လနှင့် ဧပြီလတွင် ဖမ်းဆီးခံခဲ့ရသည့် ကချင်ပြည်နယ်အခြေစိုက်သတင်းဌာနများမှ မချန်ဘူ (The 74 Media)၊ မောင်လရော် (Kachin waves) နှင့် မြစ်ကြီးနား သတင်းဂျာနယ်မှ မမျိုးမြတ်မြတ်ပန်၊ မောင်အားဂျယ်နှင့် ခရစ္စတိုဖာတို့ကို ပြန်လွတ်ပေးခဲ့ခြင်းမရှိပါ။
ကိုလွမ်းဇောင်းနှင့် မဆိုင်းနူးပန်
နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကချင်လူငယ် နှစ်ဦးဖြစ်သည့် ဆိုင်းနူးပန်နှင့် လွမ်းဇောင်း တို့နှစ်ဦးသည် မေလ ၂၁ ရက်နေ့က မဆိုင်းနူးပန်အဖိုးဖြစ်သူ၏ နာရေးလိုက်ပို့ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားဖြင့်တိုက်ကာ သေနတ်ထောက် ဖမ်းဆီးသွားခဲ့ပြီး ယနေ့တိုင်လွတ်မြောက်လာခြင်း မရှိသေးပါ။
စစ်ကောင်စီ ဆက်လက်ထိန်းသိမ်းထားသူများတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများနှင့် ရှေ့နေများလည်း ပါဝင်သည်။

မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ပထမဦးစားပေးပြန်လည်လွှတ်မည့် သူများမှာ ဖမ်းဆီးခံထားရသည့် CDM နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းများနှင့် NLD ပါတီဝင်များကို ချန်လှပ်၍ လွှတ်ပေးခဲ့သည်ဟု စစ်ကောင်စီက စာထုတ်ပြန်ထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ