မြန်မာနိုင်ငံတဝှမ်းလုံးတွင် တပ်မတော်က အာဏာရယူခဲ့ပြီးနောက် နေ့ချင်းတွင်ပင် အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုဝန်ကြီးဌာန ၁၁ ခုတွင် တာဝန်ယူမည့်ဝန်ကြီးများကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခန့်အပ်တာဝန်ပေးခဲ့သည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်သည့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရဘဲ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများနေထိုင်သည့်အိမ်ယာကို တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ကြပ်ကြည့်ရှုနေသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ အရ ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို ပြည်ထောင်စုအစိုးရက ရွေးချယ်ခန့်အပ်တာဝန်ပေးမည်ဖြစ်သဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ကချင်ပြည်နယ်အစိုးရကိုဦးဆောင်မည့် ဝန်ကြီးချုပ်ရာထူးအတွက် မည်သူ့ကိုတာဝန်ပေးမည်ဆိုသည်မှာလည်း စိတ်ဝင်စားစရာကောင်းသည့် အချက်ဖြစ်သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို တပ်မတော်ခေါင်းဆောင်များက ခန့်အပ်တာဝန်ပေးရာတွင် ထည့်သွင်းစဉ်းစားနိုင်သည့် အဓိက အချက် နှစ်ချက်ရှိသည်ဟု ယေဘူယျသုံးသပ်နိုင်သည်။ ပထမအချက်မှာ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သဖြင့် ကချင်လူမျိုး နိုင်ငံရေးသမားတစ်ဦးဖြစ်နိုင်သည်။
ဒုတိယအချက်မှာ တပ်မတော်နှင့်နီးစပ်သူတစ်ဦးဖြစ်ပြီး တပ်မတော်က ယုံကြည်သူဖြစ်နိုင်သည်။
အဆိုပါထည့်သွင်းစဉ်းစားချက်နှစ်ခုပေါ်အခြေခံပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာနိုင်သူများကို ခန့်မှန်းပါက အောက်ပါ လူပုဂ္ဂိုလ်နှစ်ဦးထဲမှ တစ်ဦးဖြစ်လာနိုင်သည်ဟု ခန့်မှန်းသုံးသပ်ပါသည်။
၁။ ဦးခက်ထိန်နန်
——————
ဦးခက်ထိန်နန်သည် USDP ပါတီ၏ မိတ်ဖက်ပါတီတစ်ခုဖြစ်သည့် စည်းလုံးညီညွှတ်ရေးနှင့်ဒီမိုကရေစီပါတီ (UDPKS) ကိုဖွဲ့စည်းခဲ့ပြီး ကချင်နိုင်ငံရေးပါတီများပူးပေါင်းဖွဲ့စည်းမှုမတိုင်မီအချိန်အထိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၀-၂၀၁၅ ခုနှစ် ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် အမျိုးသားလွှတ်တော်အမတ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ယခင်က အစိုးရဝန်ထမ်းလုပ်ခဲ့ဖူးပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလများတွင် ကချင်ပြည်နယ်နေ့မနောင်ပွဲကျင်းပရေးကော်မတီတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။
ဦးခက်ထိန်နန်ကို ဝန်ကြီးချုပ်အဖြစ်တာဝန်ယူရန် တပ်မတော်ကချဉ်းကပ်ခဲ့သည်ဟု သိရပြီး သူ့အနေဖြင့် လက်ခံမည်၊ လက်မခံမည်ကို မသိရသေးပါ။
၂။ ဦးလဂျွန်ငန်ဆိုင်း
——————
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဖြစ်သည့် ဦးလဂျွန်ငန်ဆိုင်းသည် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့စဉ်က ကချင်လူထု၏ ထောက်ခံမှုကိုအတန်အသင့်ရရှိခဲ့သူဖြစ်သည်။ USDP ပါတီဝင်ဖြစ်သည့်အပြင် ဝန်ကြီးချုပ်တာဝန်ယူခဲ့သည့် အတွေ့အကြုံရှိထားသူဖြစ်ရာ တပ်မတော်က တာဝန်ပေးအပ်ရန် အလားအလာရှိသူဖြစ်သည်။
၂၀၁၅-၂၀၂၀ ခုနှစ် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် တနိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်တွင်ဝင်ရောက်ယှဉ်ပြိုင်ရာ ရှုံးနှိမ့်ခဲ့သည်။
အထက်ပါလူပုဂ္ဂိုလ်နှစ်ဦးထဲမှ တစ်ဦးဖြစ်လာနိုင်သည်ဟု သုံးသပ်ချက်မှာ The 74 Media ၏ သုံးသပ်ချက်သာဖြစ်ပြီး နှစ်ဦးစလုံးနှင့် အမေးအဖြေပြုလုပ်ခဲ့ခြင်းမရှိပါ။
သင့်ထင်မြင်ချက်ရေးပေးပါ