sadung_Kachin_2024

ဝိုင်းမော်-ကန်ပိုက်တီလမ်းပိုင်းရှိ ဆဒုံးမြို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ယနေ့ညနေ ၅ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ဆဒုံးမြို့ရှိ ဒေသအခေါ် ဆဒုံးဝမ် (Sadung Wang) ဗျူဟာကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု ဆဒုံးဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အခုအဲ့လိုတော့ပြောနေပြီ။ သိမ်းနိုင်ပြီလို့ပြောနေတယ်။ ဒီမနက်ကစတိုက်တဲ့နေရာတော့ဟုတ်တယ်။ အထက်ကလည်းအတိအကျမပြောပြတော့ပြောရတော့ခက်တယ်။ ဆဒုံးအထက်တွေမှာလည်းကာကင်းတွေရှိသေးတယ်။ အခုကဗျူဟာကိုအရင်သိမ်းလိုက်တဲ့သဘောဟုတ်တယ်” ဟုပြောသည်။

KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်သည့် စစ်ကောင်စီတပ်ဗျူဟာစခန်းသည် ဆဒုံးမြို့အဝင် ညာဘက်တွင်တည်ရှိပြီး ဆဒုံးမြို့ရှိ အမြင့်ဆုံးတောင်တွင် စခန်းတည်ထားခြင်းဖြစ်ကာ လက်နက်ကြီးနှင့် အခြား လက်နက်ခဲယမ်းသိမ်းပိုက်မှုအခြေအနေမသိရှိရသေးကြောင်း KIA အရာရှိတစ်ဦးက ပြောသည်။

“အင်္ဂလိပ်ခေတ်တုန်းကလည်းထိုင်တဲ့နေရာဟုတ်တယ်။ တော်တော်လည်းခိုင်မာတဲ့စခန်းလည်းဟုတ်တယ်။ ဗျူဟာကုန်းစခန်း၊ ဗျူဟာတစ်ခုက တပ်ရင်း ၃ ခုနဲ့ဖွဲ့စည်းထားတော့တော်တော်လည်းကြီးတဲ့စခန်းလည်းဟုတ်တယ်။ ဒီညနေမှာသိမ်းလိုက်နိုင်တယ်။ ဒါပေမဲ့ကာကင်းတွေများတော့ တခြားဘက်စုသွားတယ်နေမှာ” ဟုပြောသည်။

စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲ အခြားကာကင်းစခန်းများကို ဆက်လက်တိုက်ခိုက်ရန် ကျန်ရှိနေသေးသည်ဟု သူက ဆိုသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ယနေ့နံနက် ၆ နာရီမှထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ဘွမ်တောင်စစ်ကောင်စီတပ်ခွဲ၊ ဝါရှောင်ကျေးရွာအကျော်ရှိ ၁၃ ကီလိုစစ်ကောင်စီပူးပေါင်းဂိတ်၊ လဖိုင်နယ်ခြားစောင့်ဂိတ်နှင့် ဆဒုံးဗျူဟာကုန်းအပါအဝင် အခြားကာကင်းတို့ကို ယနေ့ညနေတွင် သိမ်းပိုက်ခဲ့သည်။

စခန်းသိမ်းတိုက်ပွဲများတွင် ဗလမင်းထင်တံတားတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်များမှ စစ်ကူလာသည့် တပ်ဖွဲ့ဝင်အများအပြားလည်း သေဆုံးသွားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

KIA ၏ထိုးစစ်အတွင်း ယနေ့နံနက်ပိုင်းတွင် ၁၃ ကီလိုစစ်ကောင်စီစုပေါင်းဂိတ်နှင့် ဘွမ်တောင်စစ်ကောင်စီတပ်ခွဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး နေ့လယ်တွင် လဖိုင်နယ်ခြားစောင့်ဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ကာ ညနေပိုင်းတွင် ဆဒုံးစစ်ကောင်စီဗျူဟာကုန်းစခန်းနှင့် အခြားကာကင်းအချို့ကိုသိမ်းပိုက်ထားသည်။

KIA ပူးပေါင်းတပ်ဖွဲ့ဝင်များက သိမ်းပိုက်ရရှိထားသော စခန်းများကိုနယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသောကြောင့် ပန်ဝါ – ချီဖွေကားလမ်းကြောနှင့် ဆဒုံး – ကံပိုင်တည် လမ်းကြောရှိကားများကိုလည်း ၁၃ ကီလိုဂိတ်တွင် ယနေ့နေ့လယ်ပိုင်းက သွားလာခွင့်ယာယီပိတ်ထားကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိအချိန် ဝိုင်းမော်မြို့နယ်နေရာအနှံစစ်ကောင်စီတပ်မှ လက်နက်ကြီးအပါအဝင် ရဟတ်ယာဉ်နှင့်သာမက ဗုံးကြဲလေယာဉ်နှင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့မှ တရုတ်နယ်စပ်မြို့ ကန်ပိုက်တီမြို့သို့သွားရာလမ်းတွင်တည်ရှိသည့် ဆဒုံးမြို့သည် ဝိုင်းမော်မြို့နယ်အတွင်းတည်ရှိပြီး မြို့နယ်ခွဲအဆင့်သတ်မှတ်ထားသည့်မြို့ဖြစ်သည်။

သတင်း – Sin Li
ဓါတ်ပုံ – ဆဒုံးမြို့တည်နေရာပြမြေပုံ (The 74 Media)

သင့်ထင်မြင်ချက်ရေးပေးပါ