မြစ်ကြီးနားမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် ယနေ့နေ့လယ် ၁၂ နာရီခန့်က ဝိုင်းမော်မြို့နေ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့ အမှတ်(၁)ရပ်ကွက် လမ်းသွယ် ၁၃ ရှိ နေအိမ်တစ်အိမ်ရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 media ကိုပြောသည်။

“မြစ်ကြီးနားဘက်က လက်နက်ကြီးပစ်လိုက်တာ ဝိုင်းမော်ဘက်က အမျိုးသမီးတစ်ယောက်ထိပြီး သေသွားတယ်။ သရက်သီးစားနေတာတဲ့ အဲ့မှာလက်နက်ကြီးလာကျပြီး သေသွားတာ။ ၁၂ နာရီငါးမိနစ်လောက်ဖြစ်သွားတာ” ဟုပြောသည်။

သေဆုံးသူမှာ အသက် ၆၅ နှစ်ခန့်အရွယ် ဒေါ်အေးလှိုင် ဆိုသူဖြစ်ပြီး လက်ရှိအချိန်တွင် ဝိုင်းမော်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ရင်ဘက်တွင် လက်နက်ကြီးကျည်စထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခြေအနေကတော့ လက်နက်ကြီးထိတာပေါ့။ အိမ်ရှေ့လမ်းမပေါ်ကျတာ ကျည်စပဲလွှင့်ပြီးတော့ ရင်ဘက်ပွင့်ပြီး နှလုံး၊ အသည်းတို့ကိုတိုက်ရိုက်မှန်သွားတယ်ထင်တယ်။ သေဆုံးတာကအဲ့မှာပဲ ပွဲချင်းပြီးသေဆုံးသွားတာ။ လက်နက်ကဘာလဲတော့ကျွန်တော်တို့မသိရဘူးဗျာ နောက်ကပန်ကာလေးပဲတွေ့ရတယ်” ဟုပြောသည်။

ယမန်နေ့ကလည်း ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာ အထက်တန်းကျောင်းအနီးရှိ နေအိမ်တစ်အိမ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဝိုင်းမော်မြို့အတွင်း ကချင်လွတ်မြောက်ရေးတပ်(KIA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာနေပြီ မပခမှလည်း နေ့စဉ်လက်နက်ကြီးများပစ်ကူပေးနေကြောင်း သိရသည်။

လက်ရှိအချိန် ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဆဒုံးတပ်ရင်းကုန်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲဖြစ်ပွါးနေသည်။

သတင်း – Dureng
ဓာတ်ပုံ – လက်ကြီးကျည်ထိမှန်ပြီးသေဆုံးသွားသည့် အမျိုးသမီး (Credit – မွန်မြန်စေတနာလူမှုကူညီရေးအသင်း FB Page)

သင့်ထင်မြင်ချက်ရေးပေးပါ