TNLA တပ်ဖွဲ့ဝင်များနှင့် ကျောင်းသားမိဘများကြား အ‌ချေအတင်ဖြစ်ခဲ့သည့် ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေး ရွာရှိ အလယ်တန်းကျောင်းအနေဖြင့် PSLF/TNLA ပညာရေးဌာနက ခွင့်ပြုချက်ရယူရန်နှင့် တအာင်းပညာရေး ကောင်စီ (TELC) ၏ မူဝါဒကို လိုက်နာခြင်းမရှိပါက ပိတ်သိမ်းမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
ကျောင်းကော်မတီဝင်များနှင့် PSLF/TNLA အုပ်ချုပ်ရေးပိုင်းမှတာဝန်ရှိသူအချို့ တွေ့ဆုံချိန်တွင် ခြိမ်းခြောက် ပြောဆိုခဲ့ခြင်းဖြစ်ပြီး စာလည်းထုတ်ပြန်ခဲ့သည်ဟု ကျောင်းကော်မတီဝင် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တွေ့ဆုံစဉ်က သူတို့ TLEC လက်အောက်ပဲဖွင့်ရမယ် တခြားဘာမှဖွင့်လို့မရဘူးဆိုတဲ့ပုံစံမျိုးပြောတယ်။ ပြီးတော့ လူကြီးဖြစ်တဲ့သူကိုယ်တိုင်ကလည်း စကားလွတ်တာလား တမင်ပြောတာလားမသိဘူး ဘယ်လိုမှ ပြောလို့မရရင်တော့ ဘယ်ဘက်ကမှ ဖွင့်လို့မရအောင်လုပ်မယ်ဆိုတဲ့စကားမျိုး ထွက်လာတယ်။ ခြိမ်းခြောက် တဲ့သဘောမျိုးသက်ရောက်တယ်” ဟုပြောသည်။

PSLF/TNLA အုပ်ချုပ်ရေးပိုင်းမှတာဝန်ရှိသူအချို့နှင့် ကျောင်းကော်မတီဝင်များ ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ ညနေက ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ၈ ရက်နေ့နေ့စွဲဖြင့် စာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကာလိုင်ကျေးရွာရှိ အလယ်တန်းကျောင်းကို စစ်တပ်အာဏာမသိမ်းမီ ကိုဗစ်ကာလမှစတင်ကာ ကိုယ်ထူကိုယ်ထဖွင့်လှစ်ခဲ့ရာ ၂၀၂၁ ခုနှစ် ဧပြီ ၈ ရက်နေ့တွင် ကာလိုင်ကျေးရွာကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီးနောက် KIO ပညာရေးဌာန၏ ထောက်ပံ့မှုရယူကာ ဆက်လက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

TNLA က ဒေသခံပြည်သူတို့၏ အသံနားမထောင်ဘဲ ယခုကဲ့သို့လုပ်ဆောင်ခြင်းမှာ အတူယှဉ်တွဲနေထိုင်ခြင်းကို ထိခိုက်စေသည့်အပြင် လူမျိုးရေးပဋိပက္ခကို ဦးတည်စေနိုင်သည်ဟု ကျောင်းကော်မတီဝင်အမျိုးသားက ဆက်ပြောသည်။

“ကွတ်ခိုင်မြို့နယ်မှာရှိတဲ့နေရာအကုန်လုံးကို သူတို့အုပ်ချုပ်ရေးလက်အောက်မှာပဲဖွင့်ရမယ်ဆိုတဲ့သဘော ဟုတ်တယ်။ ကွတ်ခိုင်နဲ့ ဒီနေရာကို သူတို့အနေနဲ့နှိုင်းယှဉ်လို့မရဘူးလေ။ ပြည်သူ့အသံနားမထောင်ဘဲ သူတို့ဘက်က အခုလိုအတင်းအဓမ္မ လုပ်ချင်တာလုပ်နေရင်တော့ လူမျိုးရေးတိုက်ပွဲ ဖြစ်လာနိုင်ပါတယ်။ ရွာအသေးတွေမှာရှိတဲ့ ကျောင်းခွဲတွေကိုလည်း သိမ်းဖို့လုပ်နေတော့ဒီကျောင်းကိုတော့ ကျွန်တော်တို့ ဘယ်လိုမှလက်လွတ်ပေးလို့မဖြစ်ဘူး” ဟုပြောသည်။

အဆိုပါကျောင်းတွင် ၂၀၂၃ -၂၄ ပညာသင်နှစ်ကလည်း TNLA တပ်ဖွဲ့ဝင်များ၏ခြိမ်းခြောက်ပြောဆိုမှုကြောင့် ပညာသင်ကြားနေသည့် တအာင်းလူမျိုးကျောင်းသားကျောင်းသူ ၁၃ ဦးမှ ၁၀ ဦး ကျောင်းထွက်သွားပြီး ၃ ဦးသာ စာမေးပွဲဖြေဆိုခဲ့ကြောင်း သိရသည်။

အစိုးရတစ်ရပ်အနေဖြင့် ရပ်တည်ရန်အတွက် အနာဂတ်ကလေးငယ်များ၏ ပညာရေးနှင့်ပတ်သက်ပြီး တစ်ကိုယ်ကောင်ဆန်သည့် အပြုအမူဖြင့်အုပ်ချုပ်ခြင်းများ မပြုလုပ်ရန်တိုက်တွန်းတောင်းဆိုလိုသည်ဟု ကွတ်ခိုင်မြို့ခံ ရပ်မိရပ်ဖတစ်ဦးကပြောသည်။

“အစိုးရတစ်ခုဖြစ်ဖို့ ကျယ်ပြန့်တဲ့စိတ်ဓာတ်သဘောထားရှိရမယ်လေ။ ငါပြောသလိုပဲဖြစ်ရမယ်ဆိုတဲ့ပုံစံမျိုး က တစ်ကိုယ်ကောင်းဆန်တဲ့လုပ်ရပ်နဲ့တူတော့ မလုပ်စေချင်ဘူး။ ဒါကကလေးတွေရဲ့ပညာရေးပါ အတင်းအဓမ္မ လုပ်နေတာတွေမဖြစ်စေချင်ဘူး။ ကွတ်ခိုင်မှာလည်း ကျောင်းတစ်ကျောင်းပဲတောင်းတာကို မပေးဘူးဖြစ်နေတော့ ကျောင်းတက်မယ့်ကလေးတွေ စာသင်ခန်းပြဿနာတွေဖြစ်နေတယ်” ဟုပြောသည်။

ကာလိုင်ကျေးရွာတွင် တရုတ်လူမျိုးအိမ်ခြေ ၄၀ ကျော်၊ တအောင်းလူမျိုး အိမ်ခြေ ၁၀ ကျော်နှင့် ကချင်လူမျိုး အိမ်ခြေ ၃၀၀ ကျော်ရှိပြီး ကျေးရွာအလိုက် စာသင်ကျောင်းများဖွင့်လှစ်ထားရာ ကချင်အမျိုးသားကျောင်းခွဲ ၄ ကျောင်းရှိကြောင်း သိရသည်။

အဆိုပါကျောင်းကို ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ကျောင်းစတင်ဖွင့်လှစ်မည့်နေ့ နံနက်ပိုင်းတွင် ကျောင်းဝင်းတံခါးကို TNLA တပ်ဖွဲ့ဝင်များက ပိတ်ထားခဲ့ရာ ကျောင်းသားမိဘများ၊ ကျောင်း ကော်မတီဝင်များနှင့် အချေအတင်ဖြစ်ပွားခဲ့သည်။

၂၀၂၄-၂၅ ပညာသင်နှစ်တွင် ကျောင်းကို ခြောက်တန်းမှ ရှစ်တန်းအထိ တိုးချဲ့ဖွင့်လှစ်ရန်စီစဉ်ထားပြီး ကျောင်းသားဦးရေ ၃၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

သတင်း – Zami

ဓာတ်ပုံ – တင်းမာမှုဖြစ်ခဲ့သည့် ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာရှိကျောင်း (ပေးပို့)

သင့်ထင်မြင်ချက်ရေးပေးပါ