ကေအိုင်အေ (kia)

ဝိုင်းမော်မြို့နယ် ဆဒုံး – ကံပိုင်တည်သွားလမ်းရှိ စစ်ကောင်စီတပ်စခန်း (၄) နေရာကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ယနေ့နံနက် ၆ နာရီခန့်မှ တစ်ပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။

ဆဒုံးမြို့အနီး ဘွမ်တောင်စစ်ကောင်စီစခန်းကို ယနေ့နံနက် ၇ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်ထားကာ ဝါရှောင်ကျေးရွာအကျော်ရှိ ၁၃ ကီလို စစ်ကောင်စီစုပေါင်းစခန်းကို ယနေ့နံနက် ၉ နာရီခွဲခန့်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“အခု ၁၃ မိုင်ကစခန်းက သိမ်းနိုင်ပြီ၊ အခုဘယ်ဘက်ကဆုတ်သွားသလဲဆိုတာလိုက်နေတုန်းဟုတ်တယ်။ အခု စစ်ရဟတ်ယာဉ်နဲ့လည်းလာတိုက်နေတယ်။ MI 35 အမျိုးအစားနဲ့လာတာဟုတ်တယ်။ နည်းနည်းလာပျံဝဲပြီးပစ်သွားတာဟုတ်တယ်။ ဘွမ်တောင်မှာက ခဏပဲတိုက်ပြီးသိမ်းလိုက်တာ” ဟုပြောသည်။

KIA ပူးပေါင်းတပ်က ယနေ့နံနက်မှစတင်ကာ ၁၃ ကီလို စစ်ကောင်စီပူးပေါင်းစခန်း၊ ဆဒုံးတပ်ရင်းကုန်းစခန်း၊ ဘွမ်တောင်ရှိစစ်ကောင်စီရှေ့တန်းစခန်းနှင့် လဖိုင်နယ်ခြားစောင့်တပ်စခန်းများကို တစ်ပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆဒုံးဒေသခံပြည်သူတစ်ဦးက ပြောသည်။

“၁၃ ကီလိုကနေရာကို ဒီမနက် ၆ နာရီခွဲကနေစပစ်ပြီ၊ ဒီနေရာတွေနဲ့ကျွန်တော်တို့နဲ့နီးတော့ကြားနေရတယ်။ ၉ နာရီခွဲလောက်မှာဝင်သိမ်းနိုင်ပြီ။ ဘွမ်တောင်ကနေရာကိုက ၇ နာရီခွဲလောက်မှာသိမ်းနိုင်ပြီ။ အခုက မြစ်ကြီးနားဘက်ကစစ်ကူလာတာကိုပဲ သတိထားနေရတယ်။ ဝူယန်ဆယ်မြောင်းနဲ့သိပ်မဝေးဘူး။ တိုက်ခိုက်နေတာဟုတ်တယ်” ဟုပြောသည်။

လက်ရှိအချိန်ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဆဒုံးတပ်ရင်းကုန်းစခန်းကို အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေကာ မြစ်ကြီးနားမှ စစ်ကောင်စီရဟတ်ယာဉ်များနှင့်လည်း ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်က မြစ်ကြီးနားမြို့မှ ယနေ့နံက်မှစတင်ကာ လက်နက်ကြီးဖြင့် တိုက်ပွဲဖြစ်ပွားသည့်နေရာများကို ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

သတင်း – Sin Li
ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်

သင့်ထင်မြင်ချက်ရေးပေးပါ