စစ်ကောင်စီတပ်၏ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝိုင်းမော်မြို့နယ်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း ယမန်နေ့ မွန်းလွှဲ (၃) နာရီခန့်က ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

ဝူယန်ကျေးရွာအုပ်စု လမြန်ကျေးရွာရှိ ခါနန်နှစ်ခြင်းဘုရားကျောင်းကို ဒရုန်းဖြင့် သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု လမြန်ကျေးရွာဒေသခံပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီနေ့ဖြစ်စဉ်က လူကတော့ထိခိုက်တာတွေမရှိဘူး။ လေယာဉ်လည်းပျံဝဲနေတာရှိတယ်။ ဒါပေမဲ့ ဒရုန်းအရင်လာတယ်။ ခဏပဲသုံးကြိမ်ကြဲချပေးတယ်။ ကျွန်မတို့လည်းဝေးဝေးမှာနေနေတော့ ဖြစ်ပြီးသွားတော့မှ သွားတွေ့တာ။ ဘုရားကျောင်းက အကုန်လုံးပျက်စီးသွားပြီ” ဟုပြောသည်။

စစ်ကောင်စီတပ်၏ ဒရုန်းဖြင့်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အသင်းတော်၏ရုံးခန်းနှင့် ဒေသခံများကို ဆေးကုသပေးလေ့ရှိသည့် ဆေးခန်းများလည်း ထိခိုက်ပျက်စီးသွားသည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်၏ လေယာဉ်လည်းအချိန်ကြာပျံဝဲခဲ့ကာ ပစ်ခတ်မှုအသံများကြားခဲ့ရသည်ဟု မုတ်ကြိတ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကသွားမကြည့်ရသေးဘူး။ အဓိကကြောက်လို့ပုန်းနေတာဟုတ်တယ်။ ဒီမနက်လည်း ၈ နာရီလောက်မှာ ဝူယန်ဆယ်မြောင်းလမ်းအစွန်းမှာတိုက်ပွဲဖြစ်သေးတယ်လေ။ ဒီညနေဗုံးကြဲတဲ့အချိန် အသံကတော်တော်လည်းကိုအကျယ်ကြီးကြားရတယ်။ ကျွန်တော်တို့နေတဲ့နေရာက ဖြစ်တဲ့နေရာနဲ့က တစ်မိုင်တောင်မဝေးဘူး” ဟုပြောသည်။

ဖြစ်စဉ်ဖြစ်ပွားသည့်ကျေးရွာရှိ ဒေသခံများက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် အသေးစိတ်အချက်အလက်များကို မသိရှိနိုင်သေးကြောင်း သူကဆိုသည်။

ဝိုင်းမော်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏထိတွေ့တိုက်ပွဲမကြာခဏဖြစ်ပွားနေကာ ယနေ့နံနက်ကလည်း နောင်စီပေါကျေးရွာတွင် စစ်ရေးလှုပ်ရှားလာသည့်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာရှိ သိက္ခာတော်ရဆရာတစ်ဦး၏ နေအိမ်ကို ခ.လ.ရ ၅၈ မှလက်နက်ကြီးပစ်ခတ်သောကြောင့် ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ် မုတ်ကြိတ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မေလ ၂၂ ရက်နေ့ကလည်း ၅၈ တပ်မှ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်သောကြောင့် လမြန်ကျေးရွာရှိ နေအိမ်နှစ်လုံးမီးလောင်ပျက်စီးသွားသည်။

သတင်း – Sin Li
ဓါတ်ပုံ –

သင့်ထင်မြင်ချက်ရေးပေးပါ