တနိုင်းမြို့နယ်အတွင်းရှိ ပယင်းတူးဖော်နေသည့်မှော်တစ်ခုအနီးရှိ စစ်ကောင်စီရှေ့တန်းစခန်းတစ်ခုကို KIA ပူးပေါင်းတပ်က ယနေ့မွန်းလွှဲ ၂ နာရီခွဲခန့်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ခလောင်ကောင် (Hka Lawng Kawng) ဟုခေါ်သည့် စစ်ကောင်စီတပ်စခန်းကို နှစ်ရက်ကြာတိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“စကစတွေအားလုံးပူးပေါင်းပြီးနေတဲ့နေရာ။ အဲ့နေရာကတော်တော်လည်း အင်အားရှိတာဟုတ်တယ်။ သိမ်းပိုက်နိုင်တာသေချာပြီ၊ အခုတော့ရှင်းလင်းရေးလုပ်နေတဲ့အဆင့်ဟုတ်တယ်။ စစ်ကောင်စီတွေက သေတဲ့သူကသေ၊ ထွက်ပြေးတဲ့သူတွေကထွက်ပြေးဖြစ်နေတာပေါ့” ဟုပြောသည်။

အဆိုပါစခန်းတွင် စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၈၆)၊ (၂၉၇) နှင့် (၂၆၀) တို့မှ တပ်ဖွဲ့ဝင်အင်အား ၆၀ ကျော်နေထိုင်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဆဲဖြစ်ပြီး ထိခိုက်သေဆုံးမှုနှင့်ပက်သက်ပြီး အတိအကျမသိရသေးကြောင်း KIA အရာရှိတစ်ဦးကပြောသည်။

“သိမ်းနိုင်တာသေချာပြီ။ ပယင်းတောင်မှာဟုတ်တယ်။ အခုတလောတောင် တော်တော်လေးအင်အားပြန်ဖြည့်ထားတဲ့နေရာ ဟုတ်တယ်။ လက်နက်သိမ်းနိုင်တာတွေ၊ တခြားဘာမှမရသေးဘူး။ စစ်သတင်းဆိုတော့သိတဲ့အတိုင်းပဲ” ဟုပြောသည်။

အဆိုပါရှေ့တန်းတပ်စခန်းကို စစ်ကောင်စီတပ် ဗိုလ်ကြီးကျော်ကိုလတ်ဆိုသူဦးဆောင်ပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ (၂) လက်အောက်ရှိ တပ်ဖွဲ့များနှင့် KPDF ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ကလည်း တနိုင်းမြို့နယ်၊ နမ်ဗျူနမ်ခမ်ကျေးရွာရှိ စစ်ကောင်စီ ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်၊ မှော်ဒေသအနီးတစ်ဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယခုသိမ်းပိုက်ရရှိထားသည့် ခလောင်ကောင် (Hka Lawng Kawng) တပ်စခန်းအနီးရှိ ဝလုဘွမ်နှင့် နွယ်ဂျီဘွမ်တို့ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်သည်။

သတင်း – Doi Awng
ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။ (Photo Credit to rightful owner)

သင့်ထင်မြင်ချက်ရေးပေးပါ