ပင်လည်ဘူးမြို့ပေါ်တွင် ပြီးခဲ့သည့် မေလမှကုန်ပိုင်းမှစတင်ကာ တိုက်ပွဲပြင်းထန်နေပြီး အထိအခိုက်အကျအဆုံးများသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက နှစ်ရက်ဆက် မြို့ပေါ်ရှိနေအိမ်များနှင့် ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့အစွန်ရှိနေအိမ်များအပါအဝင် အင်ကုန်းကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့ကို ဇွန်လ ၈ ရက်နှင့် ၉ ရက်တို့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကThe 74 Media ကိုပြောသည်။

“၈ ရက်နေ့ကတည်းက ရှို့တာပါဗျ။ အင်ကုန်း၊ ညောင်ပင်သာကျေးရွာနဲ့ မြို့အစွန် PDF တွေအကာအကွယ်ရနိုင်တဲ့ နေရာတွေအကုန်လုံး။ ဒေသခံတွေကတော့ မရှိတော့ပါဘူးဗျ။ အားလုံးစစ်ဘေးရှောင်နေကြတာ ကြာပါပြီ။ ဘယ်နှစ်အိမ်လဲတော့ မသိဘူးဗျ။ ဒီနေ့တော့ မရှို့တော့ဘူးဗျ။ ၈ ရက်နဲ့ ၉ ရက်မှာရှို့တာ” ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တော်လှန်ရေးတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်ရာတွင် ပစ်ကွင်းရှင်းရန်အတွက် နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကာ တိုက်ပွဲအတွင်းသေဆုံးသွားသော စစ်ကောင်စီရုပ်အလောင်းများကို ဒေသခံများ၏ နေအိမ်များနှင့်အတူ မီးရှို့လောင်းဖျောက်ခဲ့ခြင်းဖြစ်သည်ဟုစစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

ပင်လည်ဘူးမြို့ပေါ်တွင် ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့မှစတင်ကာတိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေ့စဉ်လေကြောင်းပစ်ကူရယူနေသည့်အပြင် လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တိုက်ပွဲအခြေအနေကတော့ အရင်တိုင်းပါပဲ သိမ်းလို့မပြီးသေးဘူး။ ကျွန်တော်တို့ခေါင်းပေါ်ကနေ လေကြောင်းက နေ့တိုင်းကိုသွားနေတာပဲ Y8 တွေသွားလိုက်၊ Y12 တွေသွားလိုက်နဲ့သွားတော့ သွားနေတာပဲ လွန်ခဲ့တဲ့နှစ်ရက်လောက်ကတော့ ဂျက်ဖိုက်တာလည်းသွားတယ်။ မနေ့ကတော့ Y8 နဲ့ဟုတ်တယ် လေယာဉ်တွေနဲ့တော့ နေ့တိုင်းလာကြဲတာ။35(MI 35) တော့မသုံးဘူး ဒီကောင်တွေဝေးလို့လားမသိဘူး။” ဟုပြောသည်။

ပင်လည်ဘူးမြို့ပေါ်တွင် နောက်ဆုံးကျန်ရှိနေသော ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရှမ်းနီအမျိုးသားများတပ် (SNA) ပူးပေါင်းတပ်ဖွဲ့ အင်အား ၂၀၀ ကျော်ခန့်ရှိပြီကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

နေအိမ်မီးရှို့ဖျက်ဆီးခံရမှုဖြစ်စဉ်များကို လေ့လာစောင့်ကြည့်နေသော Data for Myanmar အဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၂၀၂၃ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံတစ်လုံးမှ နေအိမ်သုံးသောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

သတင်း – Dureng , Thu Ta
ဓာတ်ပုံ – စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ FB Page

သင့်ထင်မြင်ချက်ရေးပေးပါ