ဆိုင်ကယ်ဖြင့်မမြုပ်မိုင်းနင်းမိသဖြင့် ရရှိလာသည့်ဒဏ်ရာများကို ဆေးကုသမှုခံယူကာ ဆေးရုံဆင်းလာစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံခဲ့ရသည့် မိုးမောက်ဒေသခံလူငယ်နှစ်ဦး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

ဗန်းမော်မြို့၊ ဟန်းတဲဘုန်းကြီးကျောင်း စစ်ရှောင်စခန်းတွင်နေထိုင်သည့် လူငယ်နှစ်ဦးကို စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ လာရောက်ဖမ်းဆီးသွားပြီးနောက် PDF တပ်ဖွဲ့ဝင်များဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့ကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ဆေးရုံဆင်းတာနဲ့ ဟန်းတဲဘုန်းကြီးကျောင်း စစ်ရှောင်စခန်းထဲမှာနေနေတာ အဲ့ဒါလာခေါ်သွားတာ။ သူတို့ကတော့ PDF ပါဆိုပြီးတော့ မသင်္ကာမှုနဲ့ဆွဲခေါ်ထားတာပေါ့။ အစတော့စစ်မေးဖို့ရှိတယ်ဆိုပြီးမှ ဆွဲခေါ်သွားတဲ့အခါကျတော့ PDF ပါဆိုပြီး ခေါင်းစဉ်ပြန်တပ်တာပေါ့” ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားသည့် လူငယ်နှစ်ဦးမှာ အသက် ၂၀ နှင့် ၃၀ အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး မိုးမောက်မြို့၊ အလင်းကောင်ရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

အဆိုပါလူငယ်နှစ်ဦးကို မည်သည့်နေရာတွင်ဖမ်းဆီးထားသည်ကို မသိရသေးဘဲ ယနေ့အချိန်ထိ အဆက်သွယ်မရရှိသေးကြောင်း သိရသည်။

ဖမ်းဆီးခံရသည့်လူငယ်နှစ်ဦးအပြင် အသက် ၁၈ နှစ်အရွယ်အမျိုးသားတစ်ဦးတို့မှာပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့က မိုးမောက်မြို့သို့သွားစဉ် မံဖာကျေးရွာအနီးတွင် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း မိုးမောက်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“ခြေလက်တွေပဲထိမိကြတာ အစမှန်တာ။ ကွဲပြီးမှရှပ်ထိလိုက်တဲ့ပုံစံမျိုးပဲ ဆိုင်ကယ်နဲ့ တက်နင်းမိတာဆိုတော့။ အသက်အန္တရာယ်တော့မစိုးရိမ်ရဘူး” ဟုဆိုသည်။

စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာဖြင့် ဗန်းမော်ပြည်သူ့ဆေးရုံတွင် လာရောက်ဆေးကုသမှုခံယူသူများ၏ ကိုယ်ရေးအချက်အလက်နှင့် မှတ်တမ်းများကို နေ့စဉ်ပေးပို့ခဲ့ကြောင်း နီးစပ်သူများထံကသိရသည်။

လက်ရှိအချိန်တွင် မိုးမောက်မြို့ကို ကချင်လွတ်မြောက်ရေးတပ် KIA က ထိန်းချုပ်ထားပြီး မြို့ပြင် မံပုံကျေးရွာရှိ ခ.မ.ရ (၄၃၇) တပ်စခန်းအနီးတွင်လည်း တိုက်ပွဲများငြိမ်သက်နေသောကြောင့် ဒေသခံအချို့ ပြန်လည်ဝင်ရောက်နေထိုင်နေကြကြောင်း သိရသည်။

သတင်း – Thu Ta

ဓာတ်ပုံ – ပုံဟောင်းဖြစ်သည် (Photo credit to rightful owner)

သင့်ထင်မြင်ချက်ရေးပေးပါ