စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ယနေ့နံနက် ၁၁ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ သပြေသားကျေးရွာတွင် ဒေသခံငါးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြို့နယ်နှင့် ရပ်ကျေးအဆင့်အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ဒေသခံအချို့ ကျေးရွာဘုန်းကြီးကျောင်းအတွင်း အစည်းအဝေးပြုလုပ်နေချိန် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အစည်းဝေးသတင်းပေါက်သွားတယ်လို့ကြားတယ်။ အဲ့ဒါလည်း မင်းကင်းလိုပဲ ဒလန်သတင်းပေးကြောင့်ဖြစ်နိုင်တယ်လေ။ ဆွမ်းစားကျောင်း (ဆွမ်းစားဆောင်) ပေါ်မှာကျတာ အဲ့ရွာနဲ့ သုံးမိုင်လောက်ဝေးတဲ့နေရာမှာ ပျူရွာတစ်ရွာရှိတယ် အဲ့ကနေဒရုန်းနဲ့အရင်ကင်းထောက်ပြီးပြီဆိုမှ အဲ့လေယာဉ်နဲ့လာပစ်သွားတာ” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများပြားပြီး သေဆုံးသူငါးဦးဟု ကနဦးသိရှိရသော်လည်း အဆိုပါကျေးရွာတွင် ဖုန်းလိုင်းပြတ်တောက်နေသောကြောင့် လူဦးရေအတိအကျ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ကျေးရွာအနီးရှိပျူကျေးရွာများမှာ ဒရုန်းများဖြင့် ကင်းထောက်က ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“သူတို့(စစ်ကောင်စီ)ဒရုန်းတွေ၊ ဘာတွေနဲ့ PDF တွေရှိတဲ့နေရာတွေရှာတယ်။ ပြီးတော့ လူစုလူဝေးရှိတဲ့နေရာတွေရှာတယ်။ ပြီးတော့လေကြောင်းနဲ့လာတိုက် အခုဖြစ်သွားတာလည်း အဲ့လိုပုံစံပေါ့။ location(တည်နေရာ)အတိအကျထောက်ပြီး ချချသွားတာ။ အဲ့ဘက်ကမြေပြင်မှာလည်း စစ်ကြောင်းရှိတာဟုတ်တယ်” ဟုပြောသည်။

ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် ဘုန်းကြီးကျောင်းဝင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၅၀ ခန့်က အစည်းအဝေးပြုလုပ်ချိန် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းအဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိခိုက်သေဆုံးခဲ့သည့် အချက်အလက်များနှင့်ပတ်သက်ပြီး အသေးစိတ်ကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်က စစ်ရေးတင်းမာလျက်ရှိသောနေရာများတွင် လူစုလူဝေးများပြုလုပ်ချိန် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိပြီး ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာရှိ မင်္ဂလာဆောင်တွင် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသောကြောင့် ၂၉ ဦးသေဆုံးခဲ့ပြီး ၄၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Dureng
ဓာတ်ပုံ – လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုလေ့ကျင့်နေသည့် စစ်ကောင်စီတိုက်လေယာဉ်တစ်စီး (Photo credit to rightful owner)

သင့်ထင်မြင်ချက်ရေးပေးပါ