မြစ်ကြီးနား – ပူတာအိုလမ်းကို ဆန့်နှင့်အစားအသောက်များသယ်ယူရန် ယနေ့နံနက်မှစတင်ကာ အကန့်အသတ်ဖြင့် သွားလာခွင့်ပြုလိုက်သော်လည်း ခွင့်ပြုချက်ရရှိထားသည့် မော်တော်ယာဉ်များကိုသာ သွားခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) က သွားလာခွင့်ပြုပေးထားသောကားများကိုသာ အစားအသောက်များသယ်ယူရန်ဖွင့်ပေးခြင်းဖြစ်ပြီး သယ်ယူခွင့်ပေးသည့်ကုန်ပစ္စည်းများတွင် စက်သုံးဆီမပါဝင်ကြောင်း KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“စက်သုံးဆီက ခက်ထိန်နန် လေယာဉ်နဲ့သယ်ပေးနေပြီ၊ အဲ့ဒါကြောင့်မပါဘူးပေါ့။ ဒီမြေပြင်မှာက အစားအသောက်နှင့် ဆန်တွေသယ်ယူဖို့ခွင့်ပြုမှာဟုတ်တယ်။ ဒါပေမဲ့ အဆင့်ဆင့်လုပ်မှာဟုတ်တယ်။ ဘယ်ကားတွေသွားမယ်ဆိုတာ PCG က ကျွန်တော်တို့ကို စာရင်းပေး၊ အဲ့တာကိုကြည့်ပြီးမှ သွားခိုင်းဖို့လုပ်နေတယ်၊ စာရင်းမှာမရှိရင် သွားလို့မရဘူးပေါ့” ဟုပြောသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ဖြတ်သန်းသွားလာခွင့်ပေးခဲ့ခြင်းဖြစ်ပြီး တီယန်ဇွပ်ကျေးရွာအနီးတွင် ပိတ်ထားသည့် စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပြု၊ မပြုကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းကို ဒေသတွင်းအခြေစိုက် တော်လှန်ရေးအဖွဲ့များက သွားလာခွင့်ပြုသည်ဆိုသော်လည်း သွားလာခွင့်ပြုသည့်အခြေအနေကို အသေးစိတ်မသိရသေးသဖြင့် ပြေးဆွဲခြင်းမရှိသေးကြောင်း ယာဉ်လိုင်းပြေးဆွဲနေသည့် ဂိတ်တာဝန်ခံတစ်ဦးက ပြောသည်။

“ဒီနေ့ကြားတာကတော့ ကားနံပါတ်နဲ့ထောက်ခံစာနဲ့သွားရမှာလို့ကြားတယ် ဘာထောက်ခံစာလဲတော့ မသိဘူးနော် ကားနံပါတ်နဲ့ထောက်ခံစာသွားလုပ်ကြလို့ကြားတယ်။ ကျွန်တော့်ဂိတ်ကကားတွေတော့ မလွတ်ဘူး။ လမ်းကြောမသေချာလို့ မလွတ်သေးဘူးဗျာ။ ကျွန်တော့အထင်တော့ ဂိတ်တွေကို စာပို့လောက်မယ်ထင်တယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် မြစ်ကြီးနား – ပူတာအိုလမ်းရှိကျေးရွာအချို့မှ ဒေသခံပြည်သူများက ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာရန် KIA ပူးပေါင်းတပ်က ခွင့်ပြုထားသော်လည်း အစားအသောက်သာသယ်ယူခွင့်ပြုထားခြင်းဖြစ်ပြီး ခရီးသွားခွင့်မရသေးကြောင်း ဆွမ်ပရာဘွမ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“လူကတော့သွားလို့မရသေးဘူး။ အဓိက အစားအစာတွေ တော်တော်လေးရှားပါးလာလို့ ပြည်သူတွေအတွက်စဉ်းစားပေးပြီးလုပ်တာဟုတ်တယ်။ အခုက စစ်ရှောင်တွေတောင်ဆွမ်ပရာဘွမ်မြို့ကို ပြန်လို့မရသေးဘူး။ အခက်အခဲကအများကြီးရှိသေးတယ်။ အရေးကြီးတဲ့ဟာတွေကိုပဲ ဆွမ်ပရာဘွမ်အထိ စစ်ဆေးပြီးသွားခိုင်းတာရှိတယ်” ဟုပြောသည်။

မြစ်ကြီးနား – ပူတာအိုလမ်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲစတင်သည့် မတ်လ ၉ ရက်နေ့မှစတင်ကာ ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်ခြင်းဖြစ်ပြီး ၃ လအကြာတွင် အကန့်အသတ်ဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

ဆွမ်ပရာဘွမ်မြို့ကို KIA ပူးပေါင်းတပ်က မေလ ၅ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် စစ်ရေးတင်းမာနေဆဲဖြစ်ကာ ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းတွင် မကြာခဏဆိုသလို တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

သတင်း – Sin Li
ဓါတ်ပုံ – မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတစ်နေရာတွင် ဖြတ်သန်းသွားလာခွင့်ရရန် စောင့်ဆိုင်းနေသည့် မော်တော်ယာဉ်များ (ပေးပို့)

သင့်ထင်မြင်ချက်ရေးပေးပါ