ပူတာအိုခရိုင်အတွင်း ဖုန်းလိုင်းများပြတ်တောက်နေပြီး အူရီဒူးဖုန်းလိုင်းတစ်လိုင်းသာ ကွန်ရက်ချိတ်ဆက်ပုံပေါ်နေသော်လည်း ဖုန်းဆက်သွယ်မရကြောင်းသိရသည်။

MPT နှင့် Mytel ဖုန်းလိုင်းများပြတ်တောက်နေသည်မှာ တစ်လကျော်ခန့်ကြာမြင့်နေပြီဖြစ်ပြီး Ooredoo ဖုန်းလိုင်းသာပေါ်နေပြီး ယခုပတ်မှစတင်ကာ ဖုန်းဆက်သွယ်မရပဲ အင်တာနက်လိုင်းသာအသုံးပြုနိုင်သည်ဟု လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူ ပူတာအိုဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ပူတာအိုဘက်မှာ ဖုန်းလိုင်းတွေပြတ်နေတာ။ ဖုန်းဆက်လို့ အဆင်မပြေဘူး။ ဘယ်လိုဖြစ်သလဲဆိုတော့ ဖုန်းဝင်ရတာလည်းခက်တယ် မနည်းဆက်နေရတယ်။ ပြီးကျတော့ အသံလည်းမကြားရဘူး ဒီဘက်ကကြားရပေမဲ့ ဟိုဘက်က ကိုယ်ပြောလိုက်တဲ့ စကားမကြားရဘူး။ အရမ်းအဆင်မပြေဘူး။ MPT နဲ့ Mytelတို့ပျောက်တာက လနဲ့ချီကြာပြီ တစ်လကျော်ကျော်လောက်ရှိပြီ” ဟုပြောသည်။

ပူတာအိုဒေသခံသည် ဖုန်းလိုင်းအပြတ်များသောကြောင့် ဒေသခံပြည်သူများက ဖုန်းလိုင်းအစုံမှ ဖုန်းကတ်များဝယ်သုံးရလေ့ရှိကြောင်း ဒေသခံများကပြောသည်။

ပူတာအိုခရိုင်အတွင်း ကုန်ဈေးနှုန်းများလည်း အဆမတန်မြှင့်တက်နေပြီး ဖုန်းလိုင်းများလည်း ပြတ်တောက်နေသောကြောင့် ဒေသခံများအခက်ခဲများစွာကြုံတွေ့နေရကြောင်း မချမ်းဘော့မြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဖုန်းလိုင်းပြတ်တာလည်း ပူတာအိုတစ်ခရိုင်လုံးဖြစ်နေတာ။ ဖုန်းဘေလ်လည်း တစ်ထောင်တန်တစ်ကဒ်ကို တစ်ထောင့်သုံးရာတဲ့ Kpay ဆိုင်မှာသွားထည့်တဲ့သူတွေတော့ တစ်ထောင်ပဲဟုတ်တယ်။ လိုင်းပေါ်ကနေ Zoom နဲ့သင်တန်းတက်တာလည်းအဆင်မပြေဘူး အသံတွေမကြားရဘူး။ အဲ့ကြောင့် သင်တန်းဆရာတွေက ဗွီဒီယိုလုပ်ပြီး ပြန်ပြန်ပို့ပေးတာအဲ့တာ လိုင်းကောင်းတဲ့အချိန်ပြန်နားထောင်ရတယ်။ ဖုန်းလိုင်းမကောင်းလို့ နာရေးပြောဖို့တောင်အဆင်မပြေလို့ ဟိုတခေါက်က အိမ်ဘေးမှာနာရေးရှိတာ ရွာဘက်က အမျိုးတွေတော့ ရောက်မလာကြဘူး။ သွားပြောဖို့လည်း ဆီမရှိတော့ ခက်နေတာ။ ဖုန်းလိုင်းတော့ပေါ်ပြီးဖုန်းဆက်လို့မရတာကအံဩစရာပဲ” ဟုပြောသည်။

ဖုန်းလိုင်းများပြတ်တောက်နေသော်လည်း ဝိုင်ဖိုင်အင်တာနက်လိုင်းများ ဆက်လက်အသုံးပြုနိုင်ကြောင်း သိရသည်။

ဖုန်းလိုင်းပြတ်ရခြင်းအကြောင်းအရင်းမှာ ဖုန်းတာဝါတိုင်များလည်ပတ်နိုင်ရန်အတွက် စက်သုံးဆီများပြတ်လပ်နေခြင်းနှင့် လိုင်းမီးပုံမှန်မလာခြင်းကြောင့်ဖြစ်သည်ဟု ဖုန်းတာဝါတိုင်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။

“ဟုတ်တယ်ဟုတ်လိုင်းတွေကပျောက်နေတယ်။ ဖုန်းလိုင်းတွေပြတ်တာက လမ်းတွေပိတ်ပြီး ဆီပြတ်လို့ပါ။ အဓိကကတော့ ဖုန်းတာဝါတိုင်တွေမလည်ပတ်နိုင်လို့ပေါ့။ အူရီဒူးစက်ကတော့ လိုင်းမီးတွေနဲ့တွဲထားတယ်။ အူရီဒူးလိုင်းလည်း ပျက်လိုက်ပျောက်လိုက်နဲ့ မကာင်းဘူး။ အဓိကတော့ မီးလည်းမရ ဆီလည်းမထည့်နိုင်အဲ့လိုကြောင့်ပေါ့။ ဖုန်းလိုင်းတွေပြန်ရအောင်လုပ်နေလားတော့မသိသေးဘူး ရုံးကအကြီးအကဲမဟုတ်လို့” ဟုပြောသည်။

MPT နှင့် Mytel ဖုန်းလိုင်းများမှာ စက်သုံးဆီပြတ်လပ်မှုကြောင့်ဟုဆိုကာ ပြီးခဲ့သည့် မေလ ပထမ ပတ်မှစတင်ကာပြတ်တောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား – ပူတာအိုလမ်းကြောတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် မတ်လ ၉ ရက်နေ့မှစ သုံးလခန့်လမ်းပိတ်ထားခြင်းကြောင့် ကုန်ပစ္စည်းများပြတ်လပ်နေကြောင်းသိရသည်။

သတင်း – May
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ