တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တပ်ဖွဲ့ဝင်များက ကျောင်းဖွင့်လှစ်မှုကိုတားဆီးပိတ်ပင်ခဲ့သဖြင့် ဒေသခံများနှင့်အချေအတင်ဖြစ်ခဲ့သည့် ကွတ်ခိုင်မြိုနယ်၊ ကာလိုင်ကျေးရွာရှိ အလယ်တန်းကျောင်းကို ယခုလ ၃ ရက်နေ့မှစတင်ဖွင့်လှစ်ထားသော်လည်း PSLF/TNLA ပညာရေးဌာန၏ ကျောင်းအဖြစ်ဖွင့်လှစ်ရန် တိုက်တွန်းပြောဆိုမှုများရှိနေကြောင်း သိရသည်။

PSLF/TNLA အုပ်ချုပ်ရေးပိုင်းမှတာဝန်ရှိသူအချို့က ယမန်‌နေ့ ညနေ ၄ နာရီခန့်တွင် ပထမဆုံးအကြိမ် ကျောင်းကော်မတီအဖွဲ့ဝင်များနှင့် လာရောက်တွေ့ဆုံစဉ် ပြောကြားသွားခြင်းဖြစ်သည်ဟု ကျောင်းနှင့်နီးစပ်သည့်အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကျောင်းနဲ့ပတ်သက်ပြီးဖြစ်သွားတဲ့အကြောင်းအရာတွေကို အသေးစိတ်မေးတယ်။ ဘယ်လိုစဖွင့်လာတဲ့အကြောင်းတွေ အဓိကမေးတာဟုတ်တယ်။ သူတို့အခုဖြစ်ချင်တာက ကွတ်ခိုင်ကိုသူတို့သိမ်းလိုက်လို့ ဒီနေရာတွေကိုလည်း သူတို့ရဲ့လက်အောက်မှာထားစေချင်နေတာ။ ကာလိုင်မှာက သူတို့ရဲ့ကျောင်းဖွင့်ဖို့စီမံကိန်းချထားတဲ့အကြောင်းတွေပြောလာတယ်။ မပြီးသေးဘူး ပြန်ဆွေးနွေးဖို့ရှိသေးတယ်” ဟုပြောသည်။

ကျောင်းကော်မတီဝင်များနှင့်တွေ့ဆုံမှုများတွင် တအာင်းတပ် (TNLA) မှ ခရိုင်အတွင်းရေးမှူး၊ မြို့နယ်ရဲမှူးနှင့် အဖွဲ့ဝင်များ ပါဝင်ကြောင်းသိရသည်။

လက်ရှိအချိန်တွင် ကလေးများပုံမှန်ကျောင်းတက်နေသော်လည်း ကျောင်းအတွင်း TNLA တပ်ဖွဲ့ဝင်များ ဆက်လက်တပ်စွဲထားဆဲဖြစ်သည်ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“အခုတော့ ပုံမှန်လို့ပြောရမလားမသိဘူး။ ကျောင်းမှာက တအာင်းတပ်တွေပုံမှန်ရှိနေတယ်။ အထက်အမိန့်အရဆိုပြီးနေနေတာဟုတ်တယ်။ အဲ့မှာအိပ်၊ အဲ့မှာစား၊ အဲ့မှာနေတာအခုထိပဲ။ အခြေအနေကပြောလို့မရသေးဘူး” ဟုပြောသည်။

တအာင်းတပ် (TNLA) အနေဖြင့် ဖွင့်လှစ်ထားသည့်ကျောင်းပုရဝုဏ်အတွင်း ဆက်လက်နေထိုင်နေရာယူထားခြင်းသည် မလိုလားအပ်သည့် အန္တရာယ်ကို ဖိတ်ခေါ်နေသည်နှင့်တူသည်ဟု ကချင်အရေးလေ့လာသူတစ်ဦးက ဆိုသည်။

“TNLA ဆိုတာ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့မဆို ကလေးသူငယ်တွေ ပညာသင်နေတဲ့ကျောင်းမှာနေရာယူထားတယ်ဆိုတာ လုံးဝမဖြစ်သင့်ဘူး။ TNLA တပ်ဖွဲ့ဝင်တွေရှိနေလို့ စကစက လေကြောင်းကနေဗုံးကြဲလာရင် TNLA ခေါင်းဆောင်တွေမှာ အဓိကတာဝန်ရှိတယ်” ဟုဆိုသည်။

လတ်တလောတွင် မိမိတို့သိမ်းပိုက်ထားသည့်နေရာဖြစ်သဖြင့် မိမိတို့အဖွဲ့၏ဦးဆောင်မှုအောက်ကို အတင်းသွတ်သွင်းနေခြင်းသည် အာဏာရှင်စနစ်ဖြစ်ပြီး ဒေသခံများ၏ သဘောထားသည်သာ အဓိကဖြစ်သည်ဟု သူကထောက်ပြသည်။

အဆိုပါကျောင်းကို ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ကျောင်းစတင်ဖွင့်လှစ်မည့်နေ့နံနက်ပိုင်းတွင် ကျောင်းဝင်းတံခါးကို TNLA တပ်ဖွဲ့ဝင်များက ပိတ်ထားခဲ့ရာ ကျောင်းသားမိဘများ၊ ကျောင်းကော်မတီဝင်များနှင့် အချေအတင်ဖြစ်ပွားခဲ့သည်။

TNLA တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့်မေလ၂၇ ရက်နေ့မှစတင်ကာ ကျောင်းဝင်းအတွင်း ဝင်ရောက်နေထိုင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းအပ်လက်ခံချိန်ကလည်း ကျောင်းထဲဝင်ခွင့်မပေးသောကြောင့် ကျောင်းဘောလုံးကွင်းတွင်ခုံများချကာ အမည်စာရင်းလက်ခံခဲ့ရသည်။

၂၀၂၄-၂၅ ပညာသင်နှစ်တွင် ကျောင်းကို ခြောက်တန်းမှ ရှစ်တန်းအထိ တိုးချဲ့ဖွင့်လှစ်ရန်စီစဉ်ထားပြီး ကျောင်းသားဦးရေ ၃၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

သတင်း – Sin Li
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ