မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်က ညမထွက်ရအမိန့်နှင့် ဧည့်စာရင်းဥပဒေကို အသက်သွင်းအကောင်အထည်ဖော်ရန်ကြိုးပမ်းနေပြီး ယခုတစ်ပတ်အတွင်း ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေကာ တရားစွဲဆိုပြစ်ဒဏ်ချမှတ်မှုများရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုရက်ပိုင်းအတွင်း ည ၁၀ နာရီနောက်ပိုင်းအပြင်ထွက်သူများနှင့် ရပ်ကွက်အချို့တွင် ဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကာ အချို့ကိုပြစ်မှုကျူးလွန်သည်ဟုစွပ်စွဲတရားရုံးထုတ်ပြီး ပြစ်ဒဏ်ချမှတ်မှုများရှိနေသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးပိုင်းနှင့်နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။

“ည ၁၀ နာရီနောက်ပိုင်း သူတို့ စစ်ဆေးတွေ့ရှိတဲ့အခါကျရင် တရားရုံးတင်ပြီးမှ တရားစွဲဆိုတဲ့ကိစ္စတွေရှိတယ်ဗျ။ အခုတစ်ပတ်အတွင်းမှာကို ကျား ၁၅ ဦး မ ၄ ဦး တရားစွဲခံရတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ကြားထားတာ ရပ်တန့်စစ်ဆေးတဲ့အချိန်မှာထွက်ပြေးတာတွေလုပ်ရင် ပစ်မိန့်အထိပါပေးထားတယ်လို့ ကြားတယ်ဗျ” ဟုဆိုသည်။

တပ်ကုန်းနှင့် အင်ဂျန်ဒုံရပ်ကွက်အနီးတစ်ဝိုက်တွင် ညမထွက်ရအမိန့်အကြောင်းပြကာ အသက် ၁၈ နှစ်မပြည့်သူ ၃ ဦးအပါအဝင် အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ညက ဖမ်းဆီးခဲ့ပြီး တရားရုံးထုတ်ကာ ဒဏ်ငွေ သုံးသောင်းပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

ဒဏ်ငွေပေးဆောင်ပြီးနောက် ဖမ်းဆီးခံခဲ့ရသူ ၁၉ ဦးထဲမှ ၁၁ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ယာဉ်ပိုင်ရှင် ၈ ဦးကို ယာဉ်မှတ်ပုံတင်မရှိသဖြင့်ဆက်လက်ဖမ်းဆီးထားပြီး ကား ၄ စီးနှင့်ဆိုင်ကယ် ၄ စီး ကိုလည်း သိမ်းဆည်းထားသည်ဟု ဖမ်းဆီးခံခဲ့ရသူများနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“အမှတ် ၁ ရဲစခန်းကနေ တရားရုံးကိုပို့တာ။ ပထမသူတို့က ၁၉ ယောက်လုံးလည်းပြန်လွှတ်မယ် ကားတွေ၊ ဆိုင်ကယ်တွေလည်းပြန်ပေးမယ်ပေါ့။ တစ်ယောက်သုံးသောင်း ဖြတ်ပိုင်းဖြတ်လိုက်တယ်။ ဖြတ်ပြီးတော့ ၁၉ ယောက်မှာ ၈ ယောက်က ထွက်လို့မရဘူး။ ကား၊ ဆိုင်ကယ်ဝစ်တောက်မှု (လိုင်စ်မဲ့မှု) နဲ့ တရားပြန်စွဲတာ။ ၁၁ ယောက်ကျတော့ပိုင်ရှင်မဟုတ်ဘူး ဘေးကလိုက်တာ အဲဒီလိုမျိုးပေါ့” ဟုဆိုသည်။

ထို့နေ့ညတွင်ပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရမ်ပူရပ်ကွက်ရှိ အိမ်ထောင်စုပေါင်း ၃၁၁ စုကို ဧည့်စာရင်းစစ်ဆေးခဲ့ပြီး ကား ၆ စီးနှင့် ဆိုင်ကယ် ၈ စီးအပါအဝင် ဧည့်စာရင်းမတိုင်ကြားသူ ၉ ဦးကို ဖမ်းဆီးပြီး အမှတ် ၂ နယ်မြေရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ထို့အပြင် လိုင်စင်မဲ့အကြောင်းပြချက်ဖြင့်သိမ်းဆည်းခဲ့သည့် မော်တော်ယာဉ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နံပါတ်ပြားများပြောင်းလဲကာအသုံးပြုနေကြောင်း မျက်မြင်တွေ့ရှိသူများ၏ပြောဆိုချက်အရသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်က ဖျက်သိမ်းခဲ့သည့် ဧည့်စာရင်းဥပဒေကို အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြန်လည်အသက်သွင်းခဲ့ပြီး ဧည့်စာရင်းတိုင်ကြားရန်ပျက်ကွက်ပါက ဒဏ်ငွေတစ်သောင်းနှင့် ထောင်ဒဏ် ၇ ရက်ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

သတင်း – Thu Ta
ဓာတ်ပုံ – ပုံဟောင်းဖြစ်သည် (The 74 Media)

သင့်ထင်မြင်ချက်ရေးပေးပါ