မြစ်ကြီးနားမြို့၊ ဒူကတောင်ရပ်ကွက်တွင် ယနေ့ညနေ လေးနာရီခွဲခန့်တွင် ဆိုင်ကယ်စီးနင်းလာသော အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်သတ်ဖြတ်လိုက်ကြောင်းသိရသည်။
ဒူကထောင်ရပ်ကွက် ပညာကောလိပ်၊ သူနာပြုသင်တန်းကျောင်းနှင့် ပညာရေးလေ့ကျင့်ကျောင်း လမ်းထောင့်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု လမ်းသွားလမ်းလာ ပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ဆရာအတတ်သင်ကျောင်း၊ Nursing(သူနာပြုသင်တန်းကျောင်း)၊ ပညာရေးလေ့ကျင့်ရေးကျောင်း လမ်းထောင့်မှာဖြစ်တာ။ မူးယစ်ဆေး တစ်ခုခုများပါတာလားမသိဘူး။ သေချာမဖြေရှင်းလို့လေ စစ်မေးရင်ကောင်းကောင်းပြောရတယ် ဆိုင်ကယ် တူးလ်ဘောက်တွေ ကားတွေ အကုန်ဖွင့်ပြရတယ်။ သူတို့က ကောင်းကောင်းအစစ်ဆေးမခံလို့နေမှာ” ဟုပြောသည်။

ပစ်ခတ်သတ်ဖြတ်ခံရသည့် အကြောင်းအရင်း အသေးစိတ်ကို သိရှိနိုင်ရန် The 74 Media က ဆက်လက်စုံစမ်းနေသည်။

ပစ်ခတ်သတ်ဖြတ်သူများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြပြီး သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ဒူကထောင်ရပ်ကွက်နေ အခြားပြည်သူတစ်ဦးကပြောသည်။

“ဘယ်သူ့ကလေးတွေထိသွားလည်းမပြောတတ်ဘူး။ အခုကားပေါ်မှာအလောင်းထည့်နေတယ်။ စစ်တပ်တွေဟုတ်တယ်။ ၄ နာရီနည်းနည်းခွဲတဲ့အချိန်ဟုတ်တယ်။ အခုဟုတ်တယ်။ ကချင်ကောင်လေးတွေလားဗမာတွေလားမပြောတတ်ဘူး” ဟုပြောသည်။

အဆိုပါအမျိုးသား သုံးဦးသည် ဆိုင်ကယ်တစ်စီးတွင်သာစီးနင်းလာခြင်းဖြစ်ပြီး အလောင်းများကို သဲကျောက်ကားပေါ်တင်ဆောင်သွားသည်ဟု ဒူကထောင်ရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောသည်။

“သုံးယောက်စလုံး အမျိုးသားတွေပဲ၊ ဆိုင်ကယ်တစ်စီးထဲမှာပဲ စီးလာတာ စစ်ကောင်စီဘက်က မသင်္ကာလို့ ရပ်ခိုင်းတာကို မရပ်လို့ ပစ်ထည့်လိုက်တာတဲ့၊ ပြီးတော့ သဲကျောက်သယ်တဲ့ကားပေါ်မှာတင်ပြီး သယ်သွားကြပြီလို့ပြောတယ်” ဟုပြောသည်။

သေဆုံးသူသုံးဦးအနက် နှစ်ဦးမှာအသက်ကြီးပိုင်းဖြစ်ကြပြီး ကျန်တစ်ဦးမှာ လူငယ်ဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်ဖြစ်ပွားသည့်နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒူဝါဇော်ရစ်လမ်း (ဒေသအခေါ်ဂျပန်တံတားလမ်း) နှင့် ပြည်သူ့ဆေးရုံရှေ့တွင် စစ်ဆေးရေးတင်းကြပ်နေကြောင်း ဒေသခံပြည်သူများထံမှသိရသည်။

ပြီးခဲ့သည့် မေ ၂၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာတွင် ဖျာလိုက်လံရောင်းချသည့် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

သတင်း – Pan Soon
ဓာတ်ပုံ – ပုံဟောင်းဖြစ်သည်။ (Photo credit to rightful owner)

သင့်ထင်မြင်ချက်ရေးပေးပါ