ချီဖွေမြို့နယ်၊ ပန်ဝါမြို့ရှိ မြေရှားသတ္တုတူးဖော်သည့်လုပ်ငန်းခွင်တစ်ခုတွင် ယမန့်နေ့ နံနက်ပိုင်း ၉ နာရီခန့်က မြေပြိုပြီး လူနှစ်ဆယ်ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

မြေပြိုသောကြောင့် ဒေသအခေါ် အမှတ် (၃) လုပ်ကွက်ရှိ သတ္တုတူးဖော်ရေးလုပ်သားများနှင့် ဈေးသည်တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး အလောင်းမဖော်နိုင်သေးသောကြောင့် စာရင်းအတိအကျ မသိရှိရသေးဟု ပန်ဝါမြို့နေဈေးသည်အမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“မနေ့ကပြောတာတော့ အားလုံး ၂၄ ယောက် မြေပြိုတဲ့အထဲပါသွားတယ်လို့ပြောတယ် ဒါပေမဲ့ အခုထိတော့ အတိအကျစာရင်းမရသေးဘူး၊ အလောင်းအားလုံးမဖော်နိုင်သေးတော့လေ။ တချို့အလောင်းတွေတော့ တွေ့ပြီ၊ ပန်ဝါမြို့ထဲမှာ သွားထားကြတယ်ပြောတယ်။ အခုမြေပြိုတဲ့အထဲ သတ္တုဆိုက်က အလုပ်သမားတွေပဲ ပါသွားတာမဟုတ်ဘူး၊ ဆိုက်ရဲ့အောက်မှာ ဈေးရောင်းစားတဲ့ ကောင်မလေးလည်း ပါသွားတယ်” ဟုပြောသည်။

ရုပ်အလောင်းမျာကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး သေဆုံးသူစာရင်းအတိအကျမသိရသေးကြောင်း သူကပြောသည်။

လက်ရှိမြေပြိုမှုဖြစ်ပွားခဲ့သည့်နေရာမှာ ပန်ဝါမြို့မှ ဆိုင်ကယ်ဖြင့် တစ်နာရီခန့်မောင်းနှင်ရသည့် အကွာအဝေးတွင်တည်ရှိသော မြေရှားသတ္တုလုပ်ကွက်ဖြစ်ပြီး သေဆုံးသူများတွင် တရုတ်အမျိုးသားနှစ်ဦးလည်းပါဝင်ကြောင်း လုပ်ကွက်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“လူအများကြီးပါသွားတယ်တဲ့၊ မနေ့မနက်ပိုင်းဖြစ်သွားတာလေ။ တရုတ်နှစ်ယောက်လည်းပါသွားတယ်၊ သူတို့နှစ်ယောက်အလောင်းလည်း အခုထိတော့မတွေ့သေးဘူး။ ကျွန်တော့်သူငယ်ချင်းရဲ့ အသိတစ်ယောက်လည်း မြေပြိုတဲ့အထဲပါသွားတယ်၊ သူ့အလောင်းလည်း မတွေ့သေးဘူး” ဟုပြောသည်။

ပန်ဝါဒေသတွင် ယခုရက်ပိုင်းမကြာခဏတောင်ပြိုမြေပြိုမှုများဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ရှေ့ရက်များက မိုးရွာထားသောနေရာတွင် တောင်ဖောက်ကာရေပြန်ထည့်သောကြောင့် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း မြေရှားသတ္တုလုပ်သားတစ်ဦးကပြောသည်။

“အခုတလောက မိုးတော့မရွာတော့ဘူး အရင်ကရွာထားတဲ့ မြေစိုနေတဲ့နေရာမှာတောင်ဖောက်ပြီး ရေပြန်ထည့်လိုက်တော့ အဲ့လိုပြိုသွားတာ။ ဒီဘက်ကတော့ မိုးမရွာပေမဲ့ သတ္တုတူးတာကရေအမြဲထည့်လို့ တောင်တော့ခဏဏပြိုတယ်လေ။ အခုတစ်ခါဟာတော့ အရင်ကမိုးရွာထားပြီး အခုတစ်ခါတောင်ဖောက်ပြီး ရေထည့်လိုက်တော့ ပိုဆိုးသွားတာပေါ့” ဟုပြောသည်။

မြေရှားသတ္တုကို တောင်များတွင် ကြွက်တွင်းကဲ့သို့သော အပေါက်ငယ်များဖောက်ကာ အားပြင်းအက်စစ်များ လောင်းထည့်ပြီး တောင်ပတ်ပတ်လည်မှ ပိုက်များဖြင့်ဖောက်ကာ သတ္တုရေကန်များဖြင့် သတ္တုရည်များကို ခံယူကာ တူးဖော်ခြင်းဖြစ်သည်။

ပန်ဝါဒေသရှိ ဒေသအခေါ်ဆိတ်ခြံ မြေရှားသတ္တုလုပ်ကွက်တွင် ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ကလည်း မြေပြိုခဲ့သောကြောင့် အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

သတင်း – Pan Soon၊ Dureng
ဓာတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ