ချင်းပြည်နယ်၊ တီးတိန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ်အလုံပေါင်း ၅၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

PDF Zoland ဦးဆောင်သည့် ချင်းညီနောင်တော်လှန်ရေးတပ်ဖွဲ့ဝင်များက မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီးနောက် မေလ ၂၇ ရက်နေ့မှယနေ့အချိန်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူတို့၏နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက The 74 Media ကို ပြောသည်။

“အခုရှောင်နေတာတော့တစ်မြို့လုံးနီးပါးပဲ ဘယ်သူမှမရှိတော့ဘူးမြို့ထဲမှာ။ ဒီနေ့မှာလည်း မီးခိုးတွေ တအားထွက်တယ်။ ဒါပေမယ့်ဘယ်သူမှမရှိတော့ဘူးဆိုတော့ ဘယ်အိမ်၊ ဘယ်နှလုံးလောင်တယ်ဆိုတာတော့ အတိအကျပြောလို့မရတော့ဘူး။ သူတို့မီးစရှို့တဲ့ နှစ်ရက်၊ သုံးရက်အတွင်းလောင်တာ ၄၀ ကျော်ဆိုတော့ အခုဒီနေ့ဟာနဲ့ဆို ၅၀ ကျော်လောက်တော့ရှိပြီ” ဟုဆိုသည်။

စစ်ကောင်စီတပ်က မြို့မရပ်ကွက်ရှိ နေအိမ်များကိုစတင်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ကလည်း လွယ်ဘွာလ်း (Lawibual) ရပ်ကွက်ကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲများကြောင့် တီးတိန်မြို့ခံများမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်မြို့ အပါအဝင် မြို့အနီးတစ်ဝိုက်ရှိကျေးရွာများနှင့် ကလေးမြို့များသို့ စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

လက်ရှိတွင် ချင်းညီနောင်အဖွဲ့က တီးတိန်မြို့အတွင်းသို့ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မကြာခဏထိတွေ့မှုများရှိကြောင်း CNO/CNDF ပြောရေးဆိုခွင့်ရှိသူ Salai Timmy ကပြောသည်။

“တီးတိန်ကတော့ ကျွန်တော်တို့ချင်းညီနောင်စစ်ဆင်ရေးအဖြစ်တိုက်တဲ့အခါမှာ သူတို့(စစ်ကောင်စီက) အိမ်တွေလည်း တော်တော်လေးမီးရှို့လာတဲ့အခါကျတော့ အခုအခြေအနေက စစ်ဆင်ရေးကိုရပ်နားတာတော့ မဟုတ်ဘူး အသေးစားထိတွေ့မှုတွေတော့ရှိတယ်” ဟုဆိုသည်။

တီးတိန်မြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းနှင့် တပ်စခန်းတစ်ခုသာသိမ်းပိုက်ရန်ကျန်ရှိကြောင်း သူကပြောသည်။

တိုက်ပွဲအတွင်း မြို့မရပ်ကွက်ရှိ မိုက်ခရိုဝေ့(ဖ်) စခန်းနှင့် နတလကျောင်းအနီးရှိစခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်သုံ့ပန်းအဖြစ် ၉ ဦးကိုဖမ်းဆီးရမိထားကြောင်း သိရသည်။

ချင်းညီနောင်အဖွဲ့တွင် Zomi Federal Union (ZFU)/ PDF-Zoland, Chin National Organization (CNO)/CNDF နှင့် Chin National Councill (Mindat)/ CDF-Mindat တို့ပါဝင်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

သတင်း – Thu Ta

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ