ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၅၈) ကို ယမန်နေ့ည ၇ နာရီခန့်တွင် (KIA) ပူးပေါင်းတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တစ်နာရီလျှင်တစ်ကြိမ်နှုန်းဖြင့် နံနက် ၄ နာရီခန့်အထိသွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဖြစ်စဉ်နှင့်နီးစပ်သည့် ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ဆီကိုပဲလက်နက်ကြီးပစ်နေတော့ သူတို့ကိုလည်းအိပ်ရေးပျက်အောင်လုပ်ရမယ်လေ၊ ကျွန်တော်တို့ပဲအိပ်ရေးပျက်လို့မရဘူးလေ။ ဒီမနက်အထိဟုတ်တယ်။ သူတို့ဘက်ကလည်း ကျွန်တော်တို့ပစ်တဲ့အချိန်ကနေ တစ်ညလုံးလက်နက်ကြီးပစ်နေတယ်” ဟုပြောသည်။

ဝိုင်းမော်မြို့နယ်တွင် ပြီးခဲ့သည့် မေလ ၁၉ ရက် ညမှစတင်ကာ ညစဉ်လက်နက်ကြီးပစ်ခတ်သံများ ကြားရ‌သည်ဟု ဒေသခံများထံက သိရသည်။

ခ.လ.ရ (၅၈) တပ်က ယမန်နေ့ညတွင် KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတည်ရှိရာ ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဝိုင်းမော်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“မနေ့ညလည်း တစ်ညလုံးလက်နက်ကြီးနဲ့ပစ်နေတာကြားနေရတယ်။ နောင်စီပေါဘက် တော်တော်လေးပစ်တယ်။ အဲ့ဘက်က လယ်တောတွေမှာ စစ်တပ်ဘက်က မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်လို့ပြောတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်လေ့ရှိသောကြောင့် ခ.လ.ရ (၅၈) အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှဒေသခံပြည်သူများ နီးစပ်ရာသို့ထွက်ပြေးတိမ်းရှောင်နေပြီး နေအိမ်အချို့တွင်လည်း စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ဝိုင်းမော်မြို့နယ်တွင် ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး ရွှေညောင်ပင်ကျေးရွာရှိ ခ.လ.ရ (၃၂၁) အပါအဝင် တပ်စခန်းအချို့ကို KIA ပူပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

သတင်း – Sin Li
ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ