ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာဒေသခံများက ကိုယ်ထူကိုယ်ကျောင်းဖွင့်လိုသော်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ခွင့်မပြုဘဲတားဆီးထားသဖြင့် ယမန်နေ့ နံနက် ၉ နာရီခန့်တွင် နှစ်ဖက်အချေအတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

TNLA တပ်ဖွဲ့ဝင်များက ကာလိုင်ကျေးရွာရှိ အလယ်တန်းကျောင်းဝင်းတံခါးကိုပိတ်ကာ ကျောင်းသားနှင့် မိဘများကို တားဆီးခဲ့ခြင်းဖြစ်ပြီး ကျောင်းဖွင့်လှစ်နိုင်ရေး ကျောင်းကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေးခြင်းမရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့က အထက်ကဆွေးနွေးနေတဲ့အချိန် ကျောင်းမဖွင့်ဖို့ပြောနေတယ်။ သူတို့ဆွေးနွေးတယ်ဆိုရင် ကျောင်းကော်မတီကိုလာတွေ့ပြီးဆွေးနွေးလို့ရတယ်လေ။ အခုကဘာမှလာဆွေးနွေးတာလည်းမရှိဘူး။ ကျောင်းမှာစစ်သားတွေထည့်ထားပြီး အထက်မှာဆွေးနွေးနေတယ် အဲ့တာမပြီးမချင်းဖွင့်လို့မရဘူးလို့ ပြောနေတယ်” ဟုပြောသည်။

TNLA တပ်ဖွဲ့ဝင်များက ၎င်းတို့အုပ်ချုပ်သောနယ်မြေဖြစ်သောကြောင့် ကျောင်းဖွင့်ရန်အတွက် နည်းလမ်းရှာကာ ခွင့်တောင်းရန်ပြောဆိုထားကြောင်း သူကဆက်ပြောသည်။

ထို့အပြင် ကာလိုင်ကျေးရွာတွင်ဖွင့်လှစ်သည့်ကျောင်းကို TNLA လက်အောက်ခံကျောင်းတစ်ခုဖြစ်ရန် လိုလားနေသဖြင့် ယခုကဲ့သို့ တားဆီးပိတ်ပင်နေခြင်းဖြစ်သည်ဟု သူကဆိုသည်။

“သူတို့ရဲ့ခွင့်မရဘဲ ကျောင်းဖွင့်လို့မရဘူးတဲ့။ ကာလိုင်ကျေးရွာက သူတို့တိုက်ယူပြီးသိမ်းထားတာလည်း မဟုတ်ဘူး။ KIA ဘက်ကတော့ ကျေးရွာဖြစ်လို့ စစ်တပ်အနေနဲ့ လာနေလို့အဆင်မပြေလို့မနေတာကို သူတို့ကအခုချိန်ထိလာနေတာဟုတ်တယ်။ သူတို့ပြောတာတော့ သူတို့ရဲ့အုပ်ချုပ်မှုနေရာမှာ သူတို့ကို နည်းလမ်းရှာပြီးခွင့်တောင်းပြီးဖွင့်ဖို့ ပြောနေတာ။ သူတို့ကျောင်းလိုဖြစ်စေချင်နေတာ” ဟုပြောသည်။

အဆိုပါကျောင်းတွင် TNLA တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့မှစတင်ကာ ဝင်ရောက်နေထိုင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းအပ်လက်ခံချိန်ကလည်း ကျောင်းထဲဝင်ခွင့်မပေးသောကြောင့် ကျောင်းဘောလုံးကွင်းတွင် ခုံများချကာ အမည်စာရင်းလက်ခံခဲ့ရကြောင်း သိရသည်။

ထို့အပြင်ကျောင်းလာအပ်သော ကျောင်းသားမိဘများကို ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်ခဲ့ကြောင်း ရပ်မိရပ်ဖတစ်ဦးကပြောသည်။

“KIA ဘက်ကဖွင့်တဲ့ကျောင်း ဘယ်သူမှတက်ခွင့်မရှိဘူး မထည့်ကြနဲ့ဆိုပြီးပြောတာမျိုးတွေ အိမ်ပြန်ခိုင်းလိုက်တာတွေလုပ်တယ်။ ဆရာမတွေကိုလည်း ကျောင်းထဲမဝင်ခိုင်းလို့ ဘောလုံးကွင်းမှာပဲ ကျောင်းနာမည်စာရင်းလက်ခံလိုက်ရတယ်။ ရွာမှာကချင်အမျိုးသားကျောင်းကို ဒီနှစ်မှဖွင့်တာလည်း မဟုတ်ပါဘူး။ ရာသီအလိုက် Music ကျောင်း၊ နွေရာသီကျောင်းဆိုလည်း သူ့အချိန်နဲ့သူဖွင့်ပြီး သုံးနေကြတဲ့ကျောင်းပါ” ဟုပြောသည်။

အဆိုပါကျောင်းကို ယခုနှစ်တွင် ခြောက်တန်းမှ ရှစ်တန်းအထိတိုးချဲ့ဖွင့်လှစ်ရန်စီစဉ်ထားပြီး ကျောင်းသားဦးရေ ၃၀၀ ကျော်ခန့်ရှိကြောင်း ကျောင်းကော်မတီဝင်များထံက သိရသည်။

ကလေးများ၏ပညာရေးနှင့်ပတ်သက်ပြီး မိဘများအနေဖြင့် မိမိသဘောအတိုင်း ကျောင်းရွေးချယ်ရာတွင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ခြိမ်းခြောက်ခြင်းများမပြုလုပ်စေလိုကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“ကလေးတွေရဲ့ပညာရေးကို အခုလိုလုပ်တာက ဘယ်အဖွဲ့အစည်းမှမလုပ်ကောင်းဘူး။ ကျောင်းဆိုတာ ဘယ်သူဖွင့်ဖွင့် ကိုယ့်ကလေးကို ကိုယ်ထားချင်တဲ့ကျောင်းထားမှာပဲ သူတို့ဆုံးဖြတ်ပြီးရွေးချယ်ပေးရမှာ မဟုတ်ဘူး။ နိုင်ချင်ပိုင်ချင်တဲ့စိတ်နဲ့လုပ်ချင်တာလုပ်ကြလို့ ပြည်သူတွေဒုက္ခရောက်ရတာ။ စာသင်ကျောင်းဆိုတာ စစ်သားနဲ့မဆိုင်ဘူးစစ်တပ်မဟုတ်ဘူး” ဟုပြောသည်။

ယမန်နေ့ ဇွန်လ ၃ ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သော်လည်း TNLA တပ်ဖွဲ့ဝင်များက ကျောင်းတံခါးပိတ်ထားပြီး အထက်မှအမိန့်မကျသေးသောကြောင့် ကျောင်းဖွင့်ခွင့်မရှိကြောင်းပြောကာ တားဆီးခဲ့သော်လည်း ကျောင်းသားမိဘများက စုပေါင်းကာ ကျောင်းအတွင်းဝင်ရောက်ခဲ့ပြီး ကလေးများကို စာသင်စေခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင်ကျောင်းတက်ကာ ပညာသင်နေသော်လည်း ကျောင်းသားများအပေါ် တစ်စုံတစ်ရာခြိမ်းခြောက်လာမည်ကို ကျောင်းသားမိဘများက စိုးရိမ်နေကြသည်။

ကာလိုင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းကို ပြီးခဲ့သည့် ၂၀၂၂ – ၂၃ ပညာသင်နှစ်မှစတင်ကာ KIO ပညာရေးဌာနလက်အောက်မှ ကချင်အမျိုးသားကျောင်းအဖြစ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းဝတ်စုံ သတ်မှတ်ထားသော်လည်း တိုင်းရင်းသားလူမျိုးပေါင်းစုံ တက်ရောက်သောကြောင့် မဖြစ်မနေဝတ်ဆင်ရန် မလိုအပ်ကြောင်း သိရသည်။

သတင်း – Zami၊ Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ