စစ်ကောင်စီတပ်က ယမန်နေ့တွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သော စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာမှ မင်္ဂလာဆောင်တွင် သေဆုံးသူ ၂၉ ဦးအထိရှိလာပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၄၁ ဦးခန့်ရှိကြောင်း သိရသည်။

ပစ်ခတ်ခံရသည့်နေရာတွင်သေဆုံးခဲ့သူများအပြင် ဆေးရုံသို့ပို့ဆောင်ချိန်တွင် သေဆုံးခဲ့သူများလည်း ပါဝင်သည်ဟု ထိခိုက်ဒဏ်ရာရရှိသူများကို လိုက်လံကူညီပေးခဲ့သည့် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဆေးရုံပို့တဲ့လမ်းကြောင်းမှာ အကြောင်းအမျိုးမျိုးကြောင့် သေသွားကြတာဗျာ။ လမ်းကြောင်း မကောင်းတာတွေ ကားလိုအပ်တာတွေကြောင့် အချိန်မမီလိုက်လို့ သေသွားတာပေါ့။ ဒါပေမဲ့ ခြေတွေ၊ လက်တွေ ဆုံးရှုံးထားတာတော့အများကြီးဗျ။ ဖြစ်သွားတာက တိုက်ပွဲဧရိယာမှာမဟုတ်ဘူး အရပ်သားပြည်သူတွေပဲနေတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ တိုက်သွားတာဗျာ” ဟုပြောသည်။

လက်ရှိနိုင်ငံရေးအခြေအနေတွင် ကျေးရွာများအတွင်း လူစုလူဝေးခြင်းနှင့် ပွဲလမ်းသဘင်များကို မပြုလုပ်သင့်ကြောင်း သူကပြောသည်။

ဒဏ်ရာရရှိခဲ့သူမှာ အသက်အန္တရာယ်စိုးရိမ်စရာတော့မရှိတော့ဘဲ ဆေးရုံတွင်ဆေးကုသမှုခံယူနေပြီး ထိခိုက်သေဆုံးခဲ့သူများတွင် တစ်နှစ်သားအရွယ်ကလေးငယ်အချို့လည်းပါဝင်ကြောင်း သိရသည်။

ယမန်နေ့က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒရုန်းများဖြင့် ဆက်လက်ပစ်ခတ်ချိန် ထိခိုက်ဒဏ်ရာရရှိသူများရှိပြီး ဒေသခံပြည်သူများလည်း တိမ်းရှောင်နေရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မနေ့ကသူတို့ ဒရုန်းနဲ့ပစ်တဲ့အချိန်လည်း ထိခိုက်သူတွေရှိတယ် အခုလည်းပြည်သူတွေရွာထဲတော့ မရှိတော့ဘူးဗျာ အကုန်တိမ်းရှောင်နေရတုန်းပဲ ရွာပြင်တောတွေမှာနေကြရတယ်ဗျာ။ အခုအချိန်တော့ ရွာရှင်းလင်းရေးတွေလည်း မလုပ်သေးဘူး” ဟုပြောသည်။

အဆိုပါဖြစ်စဉ်မှာ ယမန်နေ့နံနက် ၈ နာရီခန့်က မတောကျေးရွာတွင် မင်္ဂလာဆောင်ကျင်းပနေချိန် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၉ ဦးမှာ နေရာတွင်သေဆုံးခဲ့ကာ ဒဏ်ရာပြင်းထန်သည့် ၁၀ ဦးခန့် ဆေးရုံပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ကလည်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင်ပြုလုပ်ခဲ့သော NUG ရုံးဖွင့်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းမှ‌ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူပေါင်း ၈၀ ကျော်ခန့်သေဆုံးခဲ့သည်။

သတင်း – Dureng
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ