ကချင်ပြည်နယ်အတွင်း တက္ကသိုလ်စာမေးပွဲအောင်မြင်သူ သုံးထောင်ငါးရာခန့်ရှိပြီး အောင်ချက်ရာခိုင်းနှုန်း ၅၈ ရာခိုင်နှုန်းခန့်ရှိကာ ယမန်နှစ်ထက် ၁၅ ရာခိုင်နှုန်းကျော်ခန့် လျော့ကျသွားကြောင်း သိရသည်။

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် စာရင်းပေးထားသူ ၆၀၀၀ ကျော်ရှိကာ အောင်မြင်သူ ၃၅၀၀ နီးပါးရှိသဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၇.၈၈ ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း စစ်ကောင်စီပညာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခင်ပညာသင်နှစ် ၂၀၂၂-၂၀၂၃ နှစ်အတွင်း ကချင်ပြည်နယ်တွင် အောင်ချက်ရာခိုင်နှုန်း ၇၄.၃ ရှိခဲ့သည်ဖြစ်ရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အောင်ချက် ၅၇.၈၈ သို့ လျှော့ကျသွားသည်ကို တွေ့ရသည်။

ကချင်ပြည်နယ်တွင် စာရင်းပေးထားသူ ၆၀၀၇ ဦးမှ ၂၆၀ မှာ ပထမရက်တွင် ဖြေဆိုရန်ပျက်ကွက်ခဲ့သောကြောင့် ယခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ အရေအတွက် ၅၇၄၇ ဦးသာရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့်မရသူများအတွက် အထူးအစီစဉ်တစ်ရပ်အနေဖြင့် စာမေးပွဲပြန်လည်ကျင်းပခဲ့သော်လည်း ကချင်ပြည်နယ်မှဖြေဆိုသူ ၇ ဦးစလုံး ကျရှုံးကြောင်း သိရသည်။

ယခုနှစ် ကချင်ပြည်နယ်တွင် ဘာသာစုံဂုဏ်ထူးထွက်သူ ကိုးဦးရှိပြီး ငါးဘာသာဂုဏ်ထူးထွက်သူ ၃၂ ဦးရှိကြောင်း သိရသည်။

ထို့အပြင် မြန်မာတစ်နိုင်လုံး အတိုင်းအတာဖြင့် ဝိပ္ပံတွဲ အမှတ်အများဆုံး ၁၀ ဦးတွင် ဗန်းမော် အ.ထ.က (၅) မှ ကျောင်းသားနှစ်ဦးက နံပါတ်လေးနှင့် နံပါတ်ခြောက်နေရာအသီးသီး ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ထူးခြားချက်အနေဖြင့် ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်တွင် အောင်မြင်သူ ၁၆ ဦးအထိရှိခဲ့သည့် ခေါင်လန်ဖူးမြို့နယ်တွင် ယမန်နှစ်က စာစစ်ဌာနမရှိဘဲ နောင်မွန်မြို့နယ်သို့သွားရောက် ဖြေဆိုခဲ့ကြောင်း ပညာရေးဝန်ထမ်းများထံမှ သိရသည်။

ပူတာအိုခရိုင်၏ မြို့နယ်တစ်ခုဖြစ်သော မချမ်းဘော့မြို့နယ် စာစစ်ဌာနတွင် ဖြေဆိုသူ ၃၇ ဦးအနက် ၂၄ ဦးအောင်မြင်ခဲ့ကာ ဂုဏ်ထူးရရှိသူ ၁၁ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၆၄.၈၆ ရှိပြီး ယမန်နှစ်ထက် အောင်ချက်တိုးလာကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွင်း ကချင်ပြည်နယ်သည် ၇၄.၃ ရာခိုင်နှုန်းအောင်မြင်ခဲ့သည်ဖြစ်ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်း ပထမရရှိခဲ့သော မကွေးတိုင်း၏နောက်တွင် ဒုတိယရနေရာ ရပ်တည်ခဲ့သည်။

သတင်း – Dureng
ဓာတ်ပုံ – ရန်ကုန်တိုင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို လာကြည့်ကြသည့် ကျောင်းင်းသူ၊ ကျောင်းသားများ (Photo Credit to RFA)

သင့်ထင်မြင်ချက်ရေးပေးပါ