ကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေပြီး လစဉ်ကူညီထောက်ပံ့နေသည့် အဖွဲ့အစည်းနှင့် အဆက်အသွယ် ပြတ်တောက်သွားသည့် မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာရှိ အာဂါဗေမိဘမဲ့ဂေဟာတွင် အစားအသောက်အတွက် ငွေကြေးအကူအညီများ လိုအပ်နေကြောင်း သိရသည်။

ဖုန်းလိုင်းအခက်အခဲကြောင့် လစဉ်ကူညီထောက်ပံ့နေသည့် အဖွဲ့အစည်းများနှင့် သုံးလခန့်အဆက်အသွယ် ပြတ်တောက်ခဲ့သဖြင့် ဂေဟာရှိကလေးများအတွက် အစားအသောက်ဝယ်ရန် ငွေကြေးအခက်အခဲများရှိနေသည်ဟု အာဂါဗေမိဘမဲ့ဂေဟာ၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“တရုတ်ပြည်ဘက်က တစ်လကိုဆယ်သိန်းကျပ်ကူညီတဲ့ အဖွဲ့တော့ရှိတယ်။ ဒါပေမဲ့ တိုက်ပွဲတွေဖြစ်တော့ ဖုန်းလိုင်းမရလို့ အဆက်အသွယ်ပြတ်သွားတာ။ အဲဒီအဖွဲ့နဲ့ချိတ်ပေးတဲ့ဆရာလည်း ကိုးကန့်တွေ စစ်သားစုဆောင်းနေလို့ ထွက်ပြေးသွားတော့ အဆက်အသွယ်မရတာ သုံးလကျော်သွားပြီ။ အဲဒါကြောင့် အကူညီ မရတော့တာဟုတ်တယ်” ဟုပြောသည်။

မိဘမဲ့ဂေဟာရှိ အလုပ်လုပ်နိုင်သည့် ကလေးများနှင့်အတူ ကြံခုတ်ကာ ရရှိလာသည့် နေ့စားလုပ်အားခဖြင့် စားရေးသောက်ရေးကို ဖြေရှင်းနေသော်လည်း ရေရှည်အတွက် အထောက်အပံ့များလိုအပ်နေခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“ပြီးခဲ့တဲ့အပတ်ကတော့ တစ်ပတ်လုံး ဆန်ပြုတ်စားရတဲ့ အခြေအနေရောက်သွားတယ်။ အခုက ဒီဘက်မှာ ကြံခုတ်တဲ့ရာသီဆိုတော့ ကလေးအကြီးပိုင်းတွေနဲ့အတူ နေ့စားသွားတယ်။ သုံးရက်လောက် သွားရင်တော့ ဆန်တစ်အိတ်စာဖိုးနီးနီးရတယ်။ လောလောဆယ်စားဖို့ ဆန်ပြဿနာကိုတော့ ဒီလိုဖြေရှင်းနေတာပေါ့။ ကြာကြာတော့ မခံဘူးလေနော့်။ ကလေးတွေလည်း တရုတ်စာသင်တဲ့ကျောင်းပြန်တက်တော့မှာဆိုတော့” ဟု ပြောသည်။

အဆိုပါမိဘမဲ့ဂေဟာကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ပြီး နမ့်အွမ်ကျေးရွာရှိ မိမိနေအိမ်တွင် ဖွင့်လှစ်ထားသော်လည်း ကလေးအရေအတွက်တိုးလာသောကြောင့် နေရာသစ်သို့ ပြောင်းရွေ့ထားကြောင်း ဆက်ပြောသည်။

“ကလေးတွေက ကိုဗစ်ဖြစ်တဲ့နောက်ပိုင်း ပိုများလာတာပေါ့။ ကျွန်တော့်မိဘအိမ်မှာပဲ နှစ်နှစ်လောက် ခေါ်နေခဲ့တာ။ အိမ်ကကျဉ်းတယ်ဆိုတော့ ကလေးတွေအတွက် ကျဉ်းကျပ်လာလို့ နေရာအသစ်ရှာဖို့လည်း ခက်နေတဲ့အချိန် တရုတ်လင်မယားနှစ်ယောက်က နိုင်ငံရေးမကောင်းလို့ ပြောင်းတော့မယ်ဆိုပြီး ရွာအနောက်ဘက်က တိုက်ပုအိမ်အကြီးကြီးနဲ့ ခြံအပါ သိန်းရှစ်ရာအကြွေးနဲ့ ပေးထားခဲ့တာ” ဟုပြောသည်။

ဂေဟာတွင် အသက် ၂ နှစ်အရွယ်မှ ၁၆ နှစ်အရွယ် မိဘမဲ့ကလေးများ၊ စစ်ရှောင်နေသည့်ကလေးငယ်များနှင့် ကျောင်းမတက်နိုင်သည့် ကလေးငယ် (၃၇) ဦးရှိကြောင်း သိရသည်။

အာဂါဗေမိဘမဲ့ဂေဟာ (Agape Jahkrai Ma hte Ma Shalat Shapan Sasana Ginra) ကို ကူညီလှူဒါန်းလိုပါက တာဝန်ခံ၏ ဖုန်းနံပါတ် ၀၉၈၉၁၇၃၂၅၂၅နှင့် ၀၉၆၅၀၁၂၆၈၃၈ သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ