စစ်ကောင်စီစစ်ကြောင်းက အင်အားအလုံးအရင်းနှင့် ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ဝိုင်းမော်မြို့နယ်၊ ကဇူးကျေးရွာမှ ပြည်သူများတိမ်းရှောင်နေပြီဖြစ်ကြောင်း သိရသည်။

စစ်ရှောင်ပြည်သူများနေထိုင်သည့် ဆမားဇုံနယ် KBC နှစ်ခြင်းအသင်းတော်ရုံးသို့ အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး ရွာအတွင်း သွားလာလှုပ်ရှားနေသောကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် အမျိုးသမီးများ စတင်ရွှေ့ပြောင်းနေခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“ဒီတလောစစ်ကြောင်းသွားလာတာတွေ အရင်ကထက်ပိုများလာတယ်။ ဘယ်အချိန်ဘာထဖြစ်မယ်ဆိုတာ မသိနိုင်ဘူး။ အရင်က စစ်တပ်နဲ့နီးတဲ့သူတွေတော့၊ ဆမားဘက်ကို ရှောင်နေကြရတာပါ။ အခုတော့ အရင်က မရှောင်တဲ့သူတွေပါ ရှောင်ဖို့စီစဉ်နေပါတယ်။ အဲ့ဒါကြောင့် လူတိုင်းစိုးရိမ်နေကြတော့ အသက်ကြီးတဲ့သူတွေ ကလေးတွေနဲ့ အမျိုးသမီးတွေကို အရင်ဦးစားပေး” ဟုပြောသည်။

ကဇူးကျေးရွာဒေသခံများကို အောင်မြေ (၁) ကျေးရွာသို့ ပြောင်းရွှေ့တိမ်းရှောင်နေကြခြင်းဖြစ်ပြီး ကျန်ရှိနေသေးသည့် အိမ်ထောင်စုများကိုလည်း ပြောင်းရွှေ့ပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

စစ်ရေးအခြေအနေပေါ်မူတည်ကာ ဂါးရာယန်ကျေးရွာနှင့် ဒဘတ်ကျေးရွာတို့မှ ဒေသခံပြည်သူများကလည်း တိမ်းရှောင်ရန်လိုအပ်လာနိုင်သည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“အခုတောင် တချို့ကအမျိုးတွေရှိတဲ့ဘက်ကို ပြောင်းနေကြပြီ။ ရွာမှာလည်းလူမရှိရင် မရတော့ တချို့ယောကျ်ားသားတွေနဲ့ ကျွန်တော်တို့က ရွာမှာကျန်ခဲ့ဖို့လည်း စီစဉ်ထားတယ်။ အခြေအနေဆိုးလာ ရင်တော့ တစ်ခါပြန်စီစဉ်ယူကြမယ်လို့တိုင်ပင်ထားကြတယ်” ဟုပြောသည်။

ကဇူးကျေးရွာရှိ ဆမားဇုံနယ် KBC နှစ်ခြင်းအသင်းတော်ရုံးသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဘက်ဟိုးကား၊ လက်နက်နှင့် ရိက္ခာများတင်ဆောင်ထားသည့် ကားလေးစီနှင့် အင်အား ၄၅၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်း ရောက်ရှိခဲ့ပြီး အဆိုပါရုံးနှင့် ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲမှုများ ပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် ကဇူးကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုနှင့် စစ်ကြောင်းသွားလာလှုပ်ရှားမှုများ ဆက်တိုက်ပြုုလုပ်နေသဖြင့် စစ်ရေးတင်းမာလာနိုင်ကြောင်း ဒေသခံများကထံကသိရသည်။

ကဇူးဒေသခံများသည် ၂၀၁၁ ခုနှစ် ဇွန်လတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် မြန်မာစစ်တပ်တို့ကြား တစ်ကြော့ပြန်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်ရှောင်ခဲ့ရပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လတွင် နေရပ်တွင် ပြန်လည်အခြေချနေထိုင်ခဲ့ရာ ယခုတစ်ကြိမ် ထပ်မံတိမ်းရှောင်နေရခြင်းဖြစ်သည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ