စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေ့စဉ်မီးရှို့ဖျက်ဆီးနေသောကြောင့် ကောလင်းမြို့ရှိ နေအိမ်သုံးပုံနှစ်ပုံခန့်မီးလောင်ပျက်စီးသွားကြောင်းသိရသည်။

ကောလင်းမြို့ကို ဝင်ရောက်ထိန်းချုပ်ပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှစတင်ကာ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကုန်သလောက်နီးပါးပဲ နေ့တိုင်း သူတို့ဝင်ပြီးကတည်းက တစ်ရက်နည်းနည်းစီရှို့နေတာ။ ပြည်သူတွေ အထိနာတော့ မကူနိုင်အောင်ပေါ့၊ မြို့ပျက်စီးမှုခန့်မှန်း သုံးပုံနှစ်ပုံရှိပြီ။ ဒေသခံတွေရဲ့ ပစ္စည်းတွေ ဝန်းသိုဘက်ကို ၁၃ ရက်နေ့ကတည်းက သူတို့ယူချင်တာအရင်ယူပြီးရှို့တာ” ဟုပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က သိမ်းပိုက်ခဲ့သော ကောလင်းမြို့ကို စစ်ကောင်စီတပ်က ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေမှစတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြန်လည်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

ကောလင်းမြို့အနီးတွင် ယမန်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဝန်းသိုမြို့နယ်ဘက်မှ ဟောင်ဝှစ်ဇာများနှင့် လက်နက်ကြီးများ ပစ်ကူခဲ့ကြောင်း မြေပြင်သတင်းအရင်းများထံမှသိရသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်အချိန်မှ စတင်ကာ စစ်ကောင်စီတပ်က မြို့အတွင်းသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်သောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မြို့ပေါ်မှာတော့မကျန်တော့ဘူး၊ အကုန်ရှောင်နေကြတာလေ၊ ဘာလို့လဲဆိုတော့ ကောလင်းသိမ်းပြီးကတည်းက ဟောင်ဝှစ်ဇာနဲ့ လှမ်းလှမ်းပစ်တယ်၊ အဲ့ကြောင့်အားလုံးကိုရှောင်ခိုင်းထားတာ စစ်ရှောင်တွေ အများကြီးပဲ” ဟုပြောသည်။

ကောလင်းမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအပါအဝင် ကျေးရွာ ၂၅ ရွာမှဒေသခံ နှစ်သောင်းငါးထောင်ခန့် တိမ်းရှောင်နေကြရပြီး မြို့မီးလောင်ပျက်စီးမှု ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း KR – Teams(Kawlin Revolution)က ယမန်နေ့ကသတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကောလင်းမြို့အတွင်းရှိ ခိုင်ခန့်ပြီးအထပ်မြင့်သော အဆောက်အဦးများတွင် တပ်စွဲထားပြီး မြို့အနီးရှိကျေးရွာများကို လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း သိရသည်။

သတင်း – Dureng

ဓာတ်ပုံ – Kawlin Revolution – KR၊ infinity group

သင့်ထင်မြင်ချက်ရေးပေးပါ