မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ ၁၄၁) ကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် PDF ပူးပေါင်းတပ်တို့က ယနေ့နံနက် ၇ နာရီမှ စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

KIA တပ်မဟာ (၈) တပ်ရင်း (၅) တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတပ်တို့ စစ်ကောင်စီတပ်ရင်းအတွင်းရှိ တပ်စခန်း သုံးနေရာကို တိုက်ခိုက်နေဆဲဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။

“စခန်းကိုတော့ အကုန်ဝိုင်းထားပြီးပြီ၊ သူတို့ ထွက်လမ်းတောင် မရှိတော့ဘူး။ စစ်တပ်ထဲတော့ ဝင်နိုင်ပြီထင်တယ်၊ အခုက ပို့စ်အကြီးသုံးခုကို တိုက်နေတာ၊ အပြန်အလှန်ပစ်နေတာ ဟုတ်တယ်” ဟုပြောသည်။

တိုက်ပွဲတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးနှစ်ကြိမ်ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဆက်ပြောသည်။

“လေယာဉ်တော့ တစ်ခါပဲလာသေးတယ်၊ ဗုံးနှစ်လုံးလာကြဲသွားတယ်၊ နှစ်ခါပဲ ကြဲပြီးတော့ ပြန်လှည့်သွားတာ၊ ဘယ်ဘက်ကျသွားလဲတောင်မသိဘူး။ ဒီစခန်းပြီးရင်တော့ တပ်ရင်း ၅ ဘက်မှာတော့ တခြားတိုက်စရာ စစ်တပ်စခန်းမရှိတော့ဘူး” ဟုပြောသည်။

ဆင်ဘိုမြို့နှင့် သုံးမိုင်ခန့်အကွာတွင်တည်ရှိသည့် အဆိုပါ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တို့က ၁၅ ရက်ခန့်ကြာ ဝိုင်းဝန်းပိတ်ဆို့ထားပြီးနောက် ယနေ့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီမြစ်ဘေးရှိ ဆင်ဘိုမြို့မှ ဌာနဆိုင်ရာရုံးများနှင့် ရဲစခန်းတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကမှစတင်ကာ ဒေသခံပြည်သူ ၅၀ ခန့်မှာ မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက် နောင်ခမ်းရှမ်းရွာ ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေကြောင်း သိရသည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ